တစ်ခါတုန်းက လမ်းမကြီးဘေးက ကျောက်တုံးတွေအောက်မှာ ဒေါ်ဂွက်နဲ့မောင်ကွတ်တို့ ဖားပြုပ်သားအမိ နေထိုင်ကြသတဲ့။ သူတို့သားအမိနေတဲ့နေရာရဲ့အရှေ့၊လမ်းမကြီးရဲ့အခြားတစ်ဘက်မှာ မီးတိုင်တစ်တိုင်လဲ ရှိတယ်ကွယ့်။ အဲဒီမီးတိုင်နားက ကျောက်တုံးတွေအောက်မှာ မောက်ကွတ်ရဲ့ သူငယ်ချင်း မောင်ပိန်တို့ ဖားပြုပ်သားအမိနေကြတာပေါ့ကွယ်။ လမ်းမကြီးပေါ်မှာ တဝီဝီသွားလာနေတဲ့ အရာတွေလဲရှိတာကြောင့် ဒေါ်ဂွက်က မောင်ကွတ်ကို မောင်ပိန်တို့ဆီ အလည်မခံဘူးတဲ့ကွယ်။
တစ်နေ့တော့ ညနေ မှောင်စပြုတာနဲ့ ဒေါ်ဂွက်ဟာ မောင်ကွတ်ကို ခေါ်ပြီး အစာရှာသွားကြမယ်လို့ ပြောလိုက်သတဲ့။မောင်ကွတ်လဲ ဒေါ်ဂွက်ခေါ်ရာကို လိုက်လာတာပေါ့။ ဒေါ်ဂွက်က သူ့တို့နေတဲ့နေရာရဲ့ တောင်ဘက်ဆီကို ထွက်လာခဲ့လိုက်တယ်။ လမ်းမှာတွေ့တဲ့ ပလူကောင်လေးတွေကို စားသောက်ရင်းနဲ့ တော်တော်ခရီးပေါက်လာခဲ့တာပေါ့။ဒါကြောင့် မောင်ကွတ်က
"ခဏနားချင်တယ်_ _ _ အမေ။ သားမောနေပြီ"
"နားတော့နားပေါ့သားရယ်_ _ _ မကြာစေနဲ့_ _ _ အိမ်ပြန်နောက်ကျနေမယ်"
ဒေါ်ဂွက်စကားကြောင့် မောင်ကွတ်ဟာ မကျေမနပ်ဖြစ်သွားသတဲ့။
"အမေက ခုမှ အိမ်ပြန်နောက်ကျမှာစိုးနေ_ _ _ အမေကိုက အပင်ပန်းခံပြီးဒီကိုလာတာ၊ ဒီအချိန်ဆို မောင်ပိန်တို့ဆီမှာ အစာတွေတော်တော်ပေါတာ_ _ _ ပင်လဲမပင်ပန်းတော့ဘူး_ _ _ မနက်ဖြန်ကျ သားမောင်ပိန်တို့ဆီပဲ သွားတော့မှာ"
ဒေါ်ဂွက်က မောင်ကွတ်ကို စိုးရိမ်သွားတာပေါ့။
"သား_ _ _ မောင်ပိန်တို့ဆီကို အမေမပါဘဲ မသွားရဘူးနော်_ _ _ သားအတွက် အန္တရာယ်များလို့ အမေက မသွားတာပါ_ _ _ သားက ငယ်သေးတော့ အန္တရာယ်ကို ကြည့်ပြီးမရှောင်တတ်သေးဘူးကွယ့်"
မောင်ကွတ်က အန္တရာယ်များတဲ့ဆိုတဲ့မိခင်စကားကို "လမ်းလျှောက်သွားတာပဲ_ _ _ ဘာအန္တရာယ်ရှိ လို့လဲ_ _ _ အမေတို့ကတော့_ _ _ "လို့ တိုးတိုးလေးပြောလိုက်ပါတယ်။ မောင်ကွတ်က ဘယ်လို အန္တရာယ်မျိုးလဲဆိုတာကို သိချင်သွားတာကြောင့် မောင်ပိန်တို့ဆီကို ဒေါ်ဂွက်မသိအောင် သွားဖို့ ဆုံးဖြတ် ထားလိုက်သတဲ့။
ဒီလိုနဲ့ နောက်နေ့မှောင်စပြုချိန်မှာ ဒေါ်ဂွက် ပြန်မရောက်သေးပါဘူး။ မောင်ကွတ်အတွက် အခွင့် ကောင်းဖြစ်သွားတာပေါ့။ ဒါကြောင့် မောင်ကွတ်ဟာ မောင်ပိန်တို့ဆီကို ထွက်လာခဲ့တာပေါ့။ မောင်ကွတ်ဟာ လမ်းမကြီးကို ချောချောမွေ့မွေ့ဖြတ်နိုင်ခဲ့ပါတယ်။ မောင်ပိန့်ဆီရောက်တော့ အတူတူ စားသောက်ပြီး ပျော်ရွှင်နေတာပေါ့။ အဲဒီအချိန်မှာ မောင်ပိန်က "မောင်ကွတ်_ _ _တို့လမ်းမကြီးပေါ် မီးရောင်အောက်မှာ သွားကစားကြမယ်"လို့ အကြံပြုလိုက်သတဲ့။ မောင်ကွတ်လဲ စဉ်းစားလိုက်ပြီး "အေး_ _ _ကစားကြမယ်"လို့ ပြောလိုက်တာပေါ့။
မောင်ပိန်နဲ့မောင်ကွတ် လမ်းပေါ်ရောက်ပြီး ကစားနေတုန်း မှာပဲ "ဝူး"ဆိုတဲ့အသံနဲ့ အရိပ်ကြီး တစ်ခု သူတို့အပေါ်ရောက်လာပါတယ်။ မောင်ကွတ်ဟာ ငြိမ်နေလိုက်တာပေါ့။ မောင်ပိန်ကတော့ ကြောက်အားလန့်အားနဲ့ ခုန်လိုက်တာ အလွန်မာကျောတဲ့အရာတစ်ခုနဲ့ ဖိခံလိုက်ရသတဲ့။ ခဏကြာတော့ အရိပ်လဲပျောက်ကွယ်သွားတော့တာပေါ့။ မောင်ကွတ်ဟာ သူ့သူငယ်ချင်မောင်ပိန့်ကို လှမ်းကြည့် လိုက် တော့ မောင်ပိန်ခမျာရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကို တွေ့လိုက်ရသတဲ့။ မောင်ကွတ်လဲ မောင်ပိန် သေသွအရိပ်လဲပျေ ဝမ်းနည်းပြီး ငိုရှာတာပေါ့။ပြီးတော့ မိခင် ဒေါ်ဂွက်ပြောတဲ့ အန္တရာယ်များ တယ်ဆို တဲ့စကားကို မောင်ကွတ် လက်တွေ့ နားလည်လိုက်ပါပြီ။ ဒါကြောင့် အတွေ့အကြုံရှိလို့၊ အန္တရာယ်ကို ကြိုမြင်လို့ ပြောတဲ့မိခင်ရဲ့စကားကို အမြဲနားထောင်တော့မယ်လို့ မောင်ကွတ် ဆုံးဖြတ်လိုက်တော့သတဲ့ ကွယ်။ ။
နန္ဒမန်းကြယ်(တွင်းငယ်)