ကျောပိုးအိတ်ကို ဖရိုဖရဲ ကိုင်ပြီး ဝင်လာတဲ့ သားဖြစ်သူကိုကြည့်ကာ Mr.Lee စိတ်ပျက်သွားရသည်။
မျက်နှာပေါ်မှာ အနာကပ်ပေါင်းစုံနဲ့ ညိုမဲစွဲနေတဲ့ ဒဏ်ရာတွေက ကြည့်မကောင်းလောက်အောင် သူ့သားရဲ့ရုပ်ရည်နုနုကိုဖုံးကွယ်လုနီးနီး။
အထက်တန်းနောက်ဆုံးနှစ်ရောက်နေပြီဖြစ်တဲ့သားကို သူကိုယ်တိုင်လည်း ထိန်းမနိုင်တော့သလို သူ့အတွက်ခေါ်ပေးထားတဲ့ ဂိုက်ဆရာတွေကလည်း ပိုက်ဆံပုံပေးထားတာတောင် ဒီကောင်လေးရဲ့ဆိုးသွမ်းမှုတွေကို သည်းမခံနိုင်လို့ ဘယ်ဆရာကမှ မသင်ချင်ကြ။
ကျောင်းက ဆရာ ဆရာမတွေလဲ မနိုင်တော့လို့ လွှတ်ထားလိုက်ပုံရပြီး အခုလည်း ရန်ဖြစ်ပြီးပြန်လာတဲ့ပုံပင်။
ငယ်ကတည်းက မိတဆိုးလေးမို့ အလိုလိုက်ခဲ့လို့ အခုလိုအရွယ်မှာ ထိန်းမနိုင် သိမ်းမရကို ဖြစ်ကုန်တော့တာ။ မပြောရင် ပိုဆိုးလာမယ့် အခြေနေမို့ ပြောမှကို ဖြစ်တော့မည်။
''Taeyong မင်း အထက်တန်းတောင် ပြီးတော့မယ်ဒီပုံစံခွက်ထဲက မထွက်တော့ဘူးလား ''
''ဘယ်ကိုထွက်ရမှာလဲ သောက်ရေခွက်ထဲကနေလား ''
ဖခင်ဖြစ်သူကိုတောင် လှောင်ပြောင်နေသည့် ထိုကောင်လေးအား Mr.Leeအတော်စိတ်ပျက်သွားကာဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်။
''မင်းကျောင်းပြောင်းရမယ် Lee Taeyong''
''လုပ်လေ ခင်ဗျားစိတ်ကြိုက်အမြဲလုပ်ခဲ့တာပဲ အခုမှဘာတွေပြော''
''ငါလုပ်မိရင်သေတော့မယ်.. မင်း ''
''စိတ်ထိန်းပါအကိုရယ်.. သားက ငယ်သေးလို့ပါ''
အမျိုးသမီးဖြစ်သူဝင်တားလိုက်မှ ထိုးဖို့ကြံရွယ်ထားတဲ့ လက်သီးဆုပ်ကို Mr.Leeဖြေလျှော့လိုက်ရသည်။
''မနက်ဖြန် ဒီကောင်ကို သွားဖို့အထုပ်ပြင်ပေးထားလိုက်တော့''
ဘေးက ရပ်နေတဲ့ အိမ်အကူအဒေါ်ကြီးကို အမိန့်ပေးလိုက်တဲ့ အဖေဖြစ်သူကြောင့် Taeyong မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။
*အဖေနဲ့ဝေးတဲ့အရပ်မှာ ကျွန်တော်ကပိုပြီးအနေပျော်တာပေါ့*