Chapter 1

1K 87 15
                                    

[Unicode]
မိုးသည် ဘယ်အငြိုးကြောင့်များ အဆက်မပြတ် ရွာနေသည်မသိ။ သံလွင်ထူးဆက်သည် မိုးအေးအေးနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရာ မေမေလာနှိုးမှပဲ အိပ်ရာနိုးသည်။ ဖုန်းကိုဆွဲယူကာ အချိန်ကိုကြည့်တော့ မနက်ခင်း ၈ နာရီဝန်းကျင်။ ဒီမနက်မှာ အလုပ်အင်တာဗျူးတစ်ခု သွားဖြေဖို့ရှိသည်။ မေမေပြောသလို နောက်ကျနေမှာစိုးလို့ ခပ်မြန်မြန်ပဲ အိပ်ရာထကာ ရေမိုးချိုး၊ ဖြီးလိမ်းပြင်ဆင်ပြီးတာနဲ့ အခန်းထဲက ထွက်လာလိုက်သည်။

မနက်စာ ထမင်းဝိုင်းမှာ အားလုံး လူစုံနေကြသည်။ ထူးဆက်က အိပ်ရာထနောက်ကျသူမို့ နောက်ဆုံးမှ ရောက်သည်။ ထိုင်ခုံမှာ ဝင်ထိုင်တဲ့အခါ မေမေက အဆင်သင့်နှပ်ထားသော ကော်ဖီကို တစ်ခွက်ငှဲ့ကာ ကမ်းပေးလာသည်။ စားပွဲအလယ်မှာ အီကြာကွေး၊ စမူဆာနှင့် ပဲပြုတ်နံပြားကို ပန်းကန်ပြားဖြင့် ထည့်ထားသည်။ စားပွဲထိပ်မှာ ဖေဖေထိုင်သည်။ မေမေနှင့် မမက စားပွဲရဲ့တစ်ဖက်ခြမ်းမှာ ထိုင်ကြသည်။ ထူးဆက်နှင့် ကိုကြီးကတော့ အခြားတစ်ဖက်ခြမ်းမှာ ထိုင်သည်။ အဲဒါက ထမင်းဝိုင်းမှာ မေမေသတ်မှတ်ပေးထားသော ထိုင်ခုံနေရာယူမှု အပိုင်း။

"ထူးထူးရေ မောင်လေး.. ဒီနေ့အင်တာဗျူးရှိတယ်ဆို၊ Fighting နော် ငါ့မောင်လေး၊ ကံကောင်းပါစေ"

"ဟုတ် မမ"

"ညီထူး.. ဒီနေ့ အင်တာဗျူးဆိုတော့ ကိုကြီး လိုက်ပို့ပေးရမလား၊ ကိုယ့်ညီလေးဆိုတော့ ဒီနေ့ အလုပ်မသွားဘဲ ခွင့်ယူလိုက်မယ်လေ"

"ရပါတယ် ကိုကြီး၊ တစ်ယောက်တည်း သွားလိုက်ပါမယ်၊ ဘဝရဲ့ပထမဆုံးဆိုတော့ အစစအရာရာ အတွေ့အကြုံယူချင်လို့"

"တော်လိုက်တဲ့ ငါ့ညီလေး၊ သူ့အစ်မထက် သာတယ်၊ မေခ ..နင့်တုန်းက မှတ်မိလား၊ အလုပ်အင်တာဗျူးဖြေရမှာကြောက်လို့ဆိုပြီး ဖေဖေ့ကိုခေါ်သွားတာလေ"

"အောင်မယ် ဧရာ.. နင့်တုန်းကရော ဘာထူးလို့လဲ၊ မေမေ့ကို ခေါ်သွားတာပဲ မဟုတ်လား၊ ဆယ်တန်းစာမေးပွဲဖြေတာကို လိုက်စောင့်ပေးရသလိုနဲ့ အလုပ်အင်တာဗျူးဖြေတာကို မေမေ့ကိုပါ အဖော်‌ခေါ်သွားတာလေ"

My Little CrushWhere stories live. Discover now