Chapter 7

294 36 10
                                    

ထူးဆက်တို့အိမ်မှာ အစ်ကိုမင်းခန့်တည်ကြည် အပါအဝင် ကျောင်းသားလေးယောက်ရှိသည်။ ဖေဖေက ရုံးဝန်ထမ်း၊ မေမေက ဆရာမဆိုတော့ အကုန်လုံးက မနက်ဆိုရင် ကျောင်းသွား၊ အလုပ်သွားရန် ပြင်ဆင်ကြတာနဲ့ အသံဆူညံနေတတ်သည်။ မေမေက မနက်အစော အိပ်ရာထပြီး လူ ၆ ယောက်အတွက် မနက်စာနှင့် နေ့လယ်စာကို ချက်ရသည်။ မနက်စာစားပြီးတာနဲ့ အားလုံးက အလျှိုလျှို မေမေပြင်ဆင်ပေးသော ထမင်းချိုင့်ကိုယူကာ အိမ်ကထွက်ကြသည်။

ဒီမနက်မှာ ကောင်းကင်သည် မိုးရိပ်ဆင်ကာ အုံ့ဆိုင်းနေပြီး မိုးခြိမ်းသံကို ပေးနေကာ အချိန်မရွေး ရွာချနိုင်သည့် အရိပ်အယောင်ပြနေသည်။ စက်တင်ဘာလကိုရောက်နေပြီမို့ မိုးရာသီကုန်တော့မယ်ဆိုသော်ငြား မိုးနှောင်းကောင်းနေသေးသည်။ ကိုကြီးနှင့်မမက ကျောင်းအတူသွားရန် လမ်းထိပ်ကို ခပ်သုတ်သုတ် လမ်းလျှောက်ထွက်သွားကြသည်။ ထူးဆက်လည်း ကျောပိုးအိတ်ကိုကောက်လွယ်၊ မေမေပြင်ဆင်ပေးသော ထမင်းချိုင့်အိတ်ကို လက်တစ်ဖက်ကကိုင်ပြီး အိမ်ရှေ့ဒန်းမှာ အစ်ကိုမင်းခန့်တည်ကြည်ကို ထိုင်စောင့်နေသည်။ မရှေးမနှောင်းမှာ အစ်ကိုထွက်လာသည်။

"ထူးထူးက အစ်ကို့ကို စောင့်နေတာလား၊ မိုးတွေရွာတော့မှာကို အရင်သွားလိုက်တာ မဟုတ်ဘူး"

"အစ်ကိုနဲ့ အိမ်က အတူတူ ထွက်ချင်လို့"

ထူးဆက်လည်း အစ်ကို့ကိုပြန်ဖြေကာ ဘေးချင်းယှဉ်လျှောက်လိုက်သည်။ အိမ်ကနေ ကားမှတ်တိုင်ကို ၅ မိနစ်အသာလေး လျှောက်ရသည်။ အုံ့‌ဆိုင်းနေသော မိုးက တဖြောက်ဖြောက်နဲ့ ရွာလာသည်။ ထူးဆက်က ကျောပိုးအိတ်ကို ဇစ်ဆွဲဖွင့်ကာ ထီးယူထုတ်နေစဉ်မှာ အစ်ကိုက ထူးဆက်ကို ထီးမိုးပေးလာသည်။ ထီးတစ်ချောင်းရဲ့အမိုးအောက်မှာ လူနှစ်ယောက်ရှိနေတာမို့ အစ်ကိုဆွတ်ထားသော ရေမွှေးနံ့ကိုပါ ထူးဆက်က အနံ့ခံမိသည်။

"ထီးမဖွင့်နဲ့တော့၊ အစ်ကိုနဲ့ ကပ်ဆောင်းလိုက်၊ ကားပေါ်မှာ ရေစိုထီးကို ကိုင်နေရလိမ့်မယ်"

"ဟုတ်"

ထူးဆက်က ခေါင်းညိတ်ပြကာ ကျောပိုးအိတ်ကို ဇစ်ပြန်ပိတ်လိုက်သည်။ အစ်ကိုက ထီးအောက်မှာ ပိုပြီး နီးနီးကပ်ကပ်ရှိအောင်လို့ ထီးကို ညာလက်နဲ့ကိုင်ပြီး ဘယ်လက်နဲ့ ထူးဆက်ကို ပခုံးသိမ်းဖက်လာသည်။ အစ်ကို့ကို မော့ကြည့်ရင်း ထူးဆက်ပြုံးနေခဲ့သည်။ အစ်ကိုကလည်း ထူးဆက်ကိုပြန်ကြည့်ကာ ပြုံးပြလာသည်။ မိုးရေစက်တွေလို အေးမြကြည်လင်သော အပြုံး‌တွေပေါ့။ စီးနေကြ ဘတ်စ်ကားက မှတ်တိုင်မှာ လာရပ်တာနဲ့ ထူးဆက်တို့နှစ်ယောက်စလုံး ကားပေါ်တက်လိုက်ကြသည်။

My Little CrushМесто, где живут истории. Откройте их для себя