Chapter 10

252 31 6
                                    

[Unicode]
အစ်ကိုမင်းခန့်တည်ကြည်က ရေချိုးခန်းအရှေ့က ပြန်ထွက်သွားသည်။ ထူးဆက်လည်း ရေချိုးခန်းတံခါးကိုပြန်ပိတ်ကာ ချက်ချင်းပဲ မှန်အရှေ့ကို ပြေးရပ်လိုက်သည်။ ကိုကိုကြည့်သွားခဲ့သော နေရာအနှံ့က မှဲ့လေးတွေကို မှန်ထဲမှာ ပြန်ကြည့်မိသည်။ ကိုကိုက နားရွက်ဖျားက မှဲ့လေးကို သဘောကျတယ်ဆိုလို့ နားရွက်လေးကို ထိကိုင်ကြည့်ကာ ပြုံးမိပြန်သည်။ ပြီးတော့ အတွေးကမ္ဘာထဲကို ချက်ချင်းရောက်သွားသော စိတ်ကူးယဉ်ပုံရိပ်တွေ။ ဘာတွေတွေးမိပြန်ပါလိမ့်။

ထူးဆက်ကသာ တစ်ဖက်သတ် ကြိတ်ပိုးကာ စိတ်ယိုင်နေမိပေမဲ့ ကိုကိုက ထူးဆက်ကို ညီလေးလိုပဲ သဘောထားရင် ထူးဆက် အခု တွေးလိုက်မိတဲ့ အကြောင်းအရာတွေက ဖြစ်လာနိုင်မှာမှ မဟုတ်တာ။ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ရဲ့ဒိုင်ယာရီမှာ ခံစားချက်တွေကို ချရေးထားနိုင်ရုံလောက်သာ တိုးတိုးတိတ်တိတ်နိုင်လှသော အချစ်နဲ့ပဲ ဒီဇာတ်လမ်းက ပြီးဆုံးသွားမှာ မဟုတ်လား။

"ထူးထူး ဒီကောင်လေး ရေချိုးတာ မပြီးသေးပါလား၊ အတော်ကြာတာပဲ"

မင်းခန့်သည် အောက်ထပ်က ရေချိုးခန်းမှာ ရေသွားချိုးပြီး အပေါ်ပြန်တက်လာပြီ။ မင်းခန့်ထက်စောပြီး ရေချိုးခန်းဝင်သွားသော ထူးထူးက ပြန်ထွက်မလာသေးတာပဲ။ နားထဲမှာ ရေကျသံကို ကြားနေရသည်။ ဒီကောင်လေး စိမ်ပြေနပြေကို ရေချိုးနေတာပဲ။ မင်းခန့်လည်း ရေကျသံကို နားစွင့်ရင်း ဗီရိုထဲက အဝတ်တစ်စုံကို ထုတ်ဝတ်လိုက်သည်။ ထူးထူးက ပြန်ထွက်မလာသေး။ မင်းခန့်သည် ခုတင်နဲ့ကပ်ထောင်ထားသော ဂစ်တာကို ဆွဲယူကာ ခုတင်‌ကို ကျောမှီပြီး ကြမ်းခင်း‌ပေါ်မှာပဲ ထိုင်ချလိုက်သည်။ ဂစ်တာကို ကြိုးညှိရင်း ထူးထူးကိုစောင့်ကာ Despacito စပိန်တေးသွားကို ကောက်တီးနေလိုက်သည်။ ခဏအကြာမှာ ထူးထူးက ရေချိုးခန်းထဲက ထွက်လာသည်။

ချာတိတ်က မင်းခန့်ကို တစ်ချက် လှမ်းပြုံးပြကာ ခန္ဓာကိုယ်က ရေစက်လက်တွေကို မွေးပွတဘက်နဲ့ အသာအယာ ပွတ်သုတ်သည်။ အဝတ်အိတ်ထဲက အသုံးအဆောင်အချို့ကို ယူထုတ်ကာ မှန်တင်ခုံရှေ့မှာ သွားရပ်ပြီး မျက်နှာမှာ night cream ကို ပွတ်လူးနေသည်။ ကြေးဥစိမ်းရောင် တီရှပ်ကို ကွာတားဘောင်းဘီ အဖြူရောင်နဲ့ တွဲဝတ်သည်။ ခေါင်းလျှော်ထားသော ဆံပင်ရေစိုတွေကို မွေးပွတဘက်နဲ့ ခပ်ဖွဖွပွတ်သုတ်ရင်း မင်းခန့်ကိုလည်း အဲဒီနေရာကနေ လှမ်းကြည့်နေသည်။

My Little CrushWhere stories live. Discover now