Chapter 8

238 32 9
                                    

[Unicode]
သီတင်းကျွတ်ပိတ်ရက် ကျရောက်လာပြီမို့ မနက်ဖြန်ကစပြီ ကျောင်းရော၊ ကျူရှင်ပါပိတ်သည်။ အားလုံးကလည်း ကျောင်းပိတ်ရက်ရှည်ကို စောင့်မျှော်နေကြသည်။ ကျောင်းပိတ်ရက်မှာ မိသားစုအလိုက် ခရီးထွက်မည့် သူငယ်ချင်းများလည်း ရှိသည်။ ထူးဆက်ရဲ့သူငယ်ချင်း ကောင်းမြတ်ဆိုရင် မိဘတွေနှင့်အတူ ငွေဆောင်ကမ်း‌ခြေကို အပန်းဖြေခရီးသွားကြမည်။

ထူးဆက်ကတော့ မိဘတွေက ဘယ်မှမသွားကြလို့ သီတင်းကျွတ်ပိတ်ရက်ကို အိမ်မှာ ဆီမီးထွန်းရင်းနဲ့ပဲ ကုန်ဆုံးရမည်။ သူငယ်ချင်းတွေက အပန်းဖြေခရီးထွက်‌ကြချိန်မှာ ထူးဆက်က ဘယ်မှမသွားရတော့ နည်းနည်းလေး စိတ်ပိန်သည်။ သူငယ်ချင်းတွေက ပိတ်ရက်မှာ ခရီးထွက်ကြမှာမို့ တက်ကြွနေကြပေမဲ့ သံလွင်ထူးဆက်ကတော့ စိတ်ဗလာနဲ့ပဲ ကျူရှင်ဆင်းလာရသည်။ အရင်ရက်တွေအတိုင်း စက်ဘီးနင်းကာ အိမ်ကိုပြန်လာသည်။

အိမ်ပြန်ရောက်လာတော့လည်း ကိုယ့်ကို စိတ်‌ပျော်ရွှင်စေတဲ့ အစ်ကိုမင်းခန့်တည်ကြည်က အိမ်မှာမရှိ။ အစ်ကိုက တတိယနှစ်ကို စာမေးပွဲဖြေပြီးသွားပြီမို့ ကျောင်းပိတ်ရက်ရှည်မှာ ကော့သောင်းကို ပြန်သွားသည်။ အတန်းသစ်ပြန်ဖွင့်ချိန် ဒီဇင်ဘာလရောက်မှ ရန်ကုန်ကိုပြန်လာမည်။ ထူးဆက်က မြင်နေကြလူကို မမြင်ရတဲ့အခါ တစ်ခုခုလိုအပ်နေသလို ခံစားရကာ စိတ်မပျော်‌နိုင်ပါ။ အဲဒါကြောင့် အိမ်ပြန်ရောက်တော့လည်း ပြန်လာပါပြီဆိုတဲ့အသံကို အရင်ကလောက် ကျယ်ကျယ်မပြောနိုင်ဘူး။ ခပ်တိုးတိုးပြောပြီး အိမ်ထဲဝင်လာလိုက်သည်။

ညစာထမင်းဝိုင်းမှာလည်း ထူးဆက်အနားမှာရှိသော အစ်ကိုမင်းခန့်တည်ကြည်ရဲ့ထိုင်ခုံနေရာက လူလွတ်နေသည်။ ပန်းကန်ဆေးရန် ဂျူတီအလှည့်ကျတော့လည်း ထူးဆက်ရဲ့‌ဘေးမှာ ကူပေးတဲ့သူ မရှိပြန်ဘူး။ အစ်ကိုမရှိတဲ့ရက်တွေဟာ သိပ်အထီးကျန်ရသည်။ အပေါ်ထပ် ပြတင်းပေါက်မှာရပ်ကာ ခြံထဲက အဝတ်ကြိုးတန်းတွေကို ခေါင်းငုံ့ကြည့်ရင်းနဲ့လည်း အစ်ကို့ကို လွမ်းသည်။ ကိုကြီးနှင့်မမ ကြက်တောင်ရိုက်နေတာကို ထူးဆက်က ငေးကြည့်ရင်းနဲ့လည်း အစ်ကို့ကိုလွမ်းသည်။ ရပ်ထားသော စက်ဘီးကို ငေးကြည့်ရင်းနဲ့လည်း အစ်ကို့ကိုလွမ်းသည်။ လှန်းထားသော အဝတ်စိုတွေကို ငေးကြည့်ရင်းနဲ့လည်း အစ်ကို့ကိုလွမ်းသည်။

My Little CrushWhere stories live. Discover now