Chapter 12

266 35 12
                                    

[Unicode]
ဒီညက ထူးဆက်တို့မောင်နှမတွေ ကော့သောင်းမှာရှိတာ နောက်ဆုံးညပါပဲ။ မနက်ဖြန်မှာ ရန်ကုန်ပြန်ကြမည်။ ထူးဆက်က ၉ တန်းအတွက် ကျူရှင်ပြန်တက်မှာမို့ မေမေက ထူးဆက်ကို ကော့သောင်းမှာ အကြာကြီး ပေးမနေပါဘူး။ အရင်ရက်တွေက ကိုကိုလိုက်ပို့ပေးလို့ ကော့သောင်းအနှံ့ကို ရောက်ခဲ့သည်။ ဘုရင့်နောင်ကုန်းကိုတက်ပြီး ဘုရင့်နောင်ရုပ်ထုကိုလည်း လေ့လာခဲ့သည်။ ၅၅၅ တောင်ကိုလည်း ကိုကိုလိုက်ပို့ပေးသည်။ 1199 တောင်ပေါ်မှာ တိမ်ပင်လယ်ကို ကြည့်ခဲ့ကြသည်။ မလိဝမ်း ရေတံခွန်ကိုလည်း သွားခဲ့ကြသည်။ ပုလုံးတုံတုံးကမ်း‌ခြေနှင့် ဂျပန်ကမ်းခြေကိုလည်း ရောက်ခဲ့ကြသည်။

ကမ်းနားလမ်းမှာ အပန်းဖြေနေရာတစ်ခုလိုလည်း ဖြစ်နေသော မြန်မာပြည်တောင်ဘက်ပိုင်း အစွန်ဆုံးကုန်းမြေဖြစ်သည့် ဘုရင့်နောင်အငူဟု ခေါ်ဆိုကြတဲ့ ဝိတိုရိယအငူကိုလည်း ကိုကိုက လိုက်ပို့ပေးပါသည်။ ဘုရင့်နောင်အငူမှာ ထူးဆက် သဘောကျမိတာက မျက်စိရှေ့မှာ လှမ်းမြင်နေရသော စိမ်းမြနေသော ကျွန်းစုရယ်၊ ရေပြင်ကျယ်ရယ်၊ မြန်မာပြည်တောင်ဘက်ပိုင်း၏ ကုန်းမြေအဆုံးဖြစ်သော အချွန်းနေရာရယ်၊ မျက်နှာစာ သုံးဖက်ပါရှိသော အထိမ်းအမှတ်ရုပ်ထု သုံးခုရယ်ပဲ။ မျက်နှာစာ တစ်ဖက်စီမှာ ရုပ်ထုတစ်ခုရှိသည်။ နတ်သမီးက ရင်ခွင်ထဲမှာ ကလေးငယ် ၇ ယောက်ကို ထွေးပိုက်ထားသော ရုပ်ထုက တိုင်းရင်းသားလူမျိုး ၇ မျိုးကို ကိုယ်စားပြုသည်။

ကျောတွင် ဒဏ်ရာဖြင့် လဲကျနေသည့် ရှေးခေတ် စစ်သည်တော်တစ်ဦးက လက်ထဲရှိ စာချွန်လွှာကို မြင်းပေါ်ရှိ အခြားစစ်သည်တစ်ဦးအား လှမ်းပေးနေပုံက နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရာတွင် အသက်ကို ပဓာနမထားဘဲ ထမ်းဆောင်သွားပုံကို ထုဆစ်ထားခြင်းဖြစ်သည်။ နောက်ရုပ်ထုတစ်ခုကတော့ တစ်ချိန်တုန်းက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြောင်း အဘိုးက သူ့မြေးကို ပြောပြနေပုံဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့ကို တိုက်ထုတ်နေပုံကို အနောက်ဘက်တွင် သရုပ်ဖော်ထားသည်။

အရင်ရက်တွေတုန်းက ထူးဆက်တို့အားလုံးသည် လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးသော စတိုင်များနဲ့ တောင်တန်းများနှင့် ပင်လယ်ပြာဆီကို အပျော်ခရီး ထွက်ခဲ့ကြသည်။ ဒီညမှာတော့ ရှပ်အင်္ကျီအဖြူကို ယောပုဆိုးနဲ့ တွဲဖက်ဝတ်ဆင်ပြီး ဘုရားဖူးထွက်ကြမည်။ မမမေခကတော့ ပန်းမိတ်ကပ်ရောင် ကချင်ထည်ကို မြန်မာဆန်ဆန် ချုပ်ဝတ်ထားသည်။ အရင်နေ့တွေနဲ့ မတူနိုင်တော့တဲ့ တစ်ချက်က ထူးဆက်တို့ လူငယ်တွေချည်းပဲ မဟုတ်တော့ဘူး။ ကိုကို့ဖေဖေလည်း ခရီးက ပြန်ရောက်လာပြီမို့ ထူးဆက်တို့က ဦးခန့်ထည်နှင့်အတူ ဘုရားသွားဖူးကြမည်။ ကိုကိုပြောတာတော့ ပြည်တော်အေး စေတီကို လိုက်ပို့‌မယ်တဲ့။ အဲဒီစေတီက ကော့သောင်းမြို့ရဲ့ကျက်သရေဆောင်ပါပဲ။

My Little CrushWhere stories live. Discover now