၂၂

2.2K 387 83
                                    

[Unicode]

သုဿာန်တစပြင်ပမာ အေးခြောက်တိတ်ဆိတ်‌လွန်းနေတဲ့ သစ်ပင်ရိုင်းကြီးတွေကြားက အိုဟောင်းနေပြီဖြစ်တဲ့ အိမ်အိုကြီးတစ်လုံးဟာ ‌‌နွယ်လိမ်သစ်ခက်တွေနဲ့ ရစ်ပတ်ထားခြင်းခံရပြီး အတော်လေး အုံ့မှိုင်းစိုစွတ်နေသည်။ နေ့မွန်းတည့်ချိန်သည့်တိုင် ထိုနေရာဟာ အမှောင်ရိပ်သန်းနေပြီး ကျီးမဲတွေသာခိုနားနေကြသလို အခြားသက်ရှိသတ္တဝါ ခွေးတစ်ကောင် ကြောင်တမြီးမှမတွေ့ရ။ အရာအားလုံးဟာ သိသာတဲ့လှုပ်ရှားရွေ့လျားမှုမရှိ၊ ငြိမ်သက်နေပြီး သစ်ပင်ကိုင်း‌တွေပေါ်က ကျီးမဲတွေရဲ့မျက်လုံးတွေ
ဟာ ထိုအပိုင်းအခြားရပ်ဝန်းကိုရောက်ရှိလာတဲ့လူတွေအပေါ်မှာသာ တစိုက်မတ်မတ်နဲ့ စူးစူးဝါးဝါးစိုက်ကြည့်နေကြသည်။

မျက်နှာကွယ်စေဖို့အုပ်ထားတဲ့ အမဲရောင်ပဝါပါးအောက်ကနေ ရှောင်းကျန့်ရဲ့မျက်လုံးအစုံဟာ တုန်လှုပ်နေပြီး ရင်ခွင်ထဲပွေ့ပိုက်ထားတဲ့ ကလေးလေးကို ဘယ်သူမှလုယူသွားလို့မရအောင် ခပ်တင်းတင်းပွေ့ဖက်ထားသည်။ ဘေးနားမှာ မဒမ်ယန်းတို့အဖွဲ့ပါလာတယ်ဆိုပေမဲ့ သူ့စိတ်အလုံးစုံဟာ ဘယ်လိုမှ လုံခြုံတယ်လို့ မခံစားရဘူး။ ဒီနေရာကို‌ရောက်လို့ မှိုင်းအုံ့နေတဲ့အပိုင်းအခြားစည်းတစ်ခုထဲခြေချမိတာနဲ့ သူ့စိတ်ဟာ အလိုလိုချုပ်တည်းခံထားရသလို၊ တစ်ခုခုက သူ့ကိုစောင့်ကြည့်နေသလို၊ ချက်ချင်းပဲ မလွတ်လပ်တဲ့စိတ်ခံစားမှုမျိုးနဲ့ ကြောက်ရွံ့စိတ်တွေ အလုံးအရင်းဝင်လာခဲ့သည်။

လိမ်ယှက်နေတဲ့နွယ်ပင်တွေနဲ့ ရေညှိချေးတွေ လွှမ်းခြုံထားတဲ့အိမ်အိုကြီးဆီ လျှောက်နေတဲ့သူ့ခြေလှမ်းတွေမှာ အရင်လို မြို့အုပ်ကတော်ပါဆိုတဲ့မာန်မာန တစက်ကလေးမှပါမလာခဲ့တော့ဘူး။ ဒီနေရာမှာ သူဟာ အမိန့်နာခံဖို့ ဒါမှမဟုတ် အကူညီမဟုတ်သော အကူညီတောင်းမှုခံယူဖို့ရောက်လာတဲ့ ရုပ်ခန္ဓာကိုယ်တစ်ခုမျှပဲ။ ဒါပေမဲ့ စိတ်မလုံခြုံမှုတွေနဲ့ တုန်လှုပ်နေမှုတွေကြားက သတ္တိအရှိဆုံးအရာတစ်ခုကတော့ သူ့ရင်ခွင်ထဲက သူကိုယ်တိုင်‌မွေးထုတ်ထားခဲ့တဲ့ ကလေးလေးကို ယုံကြည်ချက်ရှိရှိ ထွေးပိုက်ထားနိုင်သေးတယ်ဆိုတာပဲ။

မင်းကတော်၏တစ်ထောင့်တစ်ညများ(Completed)Where stories live. Discover now