ကျွန်တော် ခြံတံခါး အဖြူရောင်လေး ရှေ့မှာ ငြိမ်ငြိမ်သက်သက် မတ်တပ်ရပ်နေမိသည်....။
သစ်သားခြံတံခါးလေးက ကျွန်တော့်ကို အထဲမရောက်အောင် ပြင်းပြင်းထန်ထန် တားမြစ်ပိတ်ပင်နိုင်စွမ်းမရှိဘူး....။ လက်တစ်ဖက်ဝင်လို့ရနိုင်လောက်တဲ့ ခြံတံခါးရဲ့ သစ်သားတိုင်လေးကြားကနေ လက်ဝင်ပြီး ကျွန်တော် တံခါးကို ဖွင့်လို့ရသည်....။
ခြံတံခါးရဲ့ အပြင်ဘက်က သျှားစောင်းပန်းအိုးအောက်မှာ သော့လေးတစ်ချောင်း ရှိနေမှာကို ကျွန်တော် သိပြီးသား...။ သူအပြင်ထွက်သွားတုန်း ကျွန်တော် ရောက်လာတဲ့ အခါ စောင့်မနေရအောင် သော့အပိုတစ်ချောင်း သူ အမြဲထားတာဖြစ်သည် ..။
မနေ့ညက ကျွန်တော့်အပြုအမူအတွက် ဒေါသထွက်နေဦးမလား....။
သူ ဒေါသထွက်တာမျိုး ကျွန်တော် မမြင်ဖူးပါ...။ ကျွန်တော် မခန့်မှန်းနိုင်တဲ့ သူ့ဒေါသအတိုင်းအဆကို ကျွန်တော်ကြောက်သည်...။ဘာပဲဖြစ်ဖြစ်....။ ရင်ဆိုင်ကြည့်ရမယ်...။ ကျွန်တော်က မှားထားတဲ့ လူမဟုတ်လား...။
သူ အပြင်ထွက်မသွားဘူးဆိုတာကို ခြံထဲက တစ်ထပ်အိမ် တိုက်ပုလေးဘေးမှာ ထိုးထားတဲ့ အနက်ရောင် ကားလေးက သက်သေခံနေသည်....။သူ အိမ်ထဲမှာ ရှိသည်ပေါ့....။ ကျွန်တော် ခြံတံခါး အဖြူလေးကို ဖွင့်ပြီး အိမ်ရှေ့ရောက်လာသည်...။
အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူပြီး... အိမ်တံခါးရှေ့ရပ်မိပြန်သည်...။ ဒီ တံခါးရဲ့ Password ကို ကျွန်တော် သိတယ်....။သူ့ကိုယ်သူ အချစ်ဆုံးလို့ အမြဲတမ်းကြွေးကြော်လေ့ရှိတဲ့ သူဟာ.. အိမ်တံခါး Passwordကိုတော့ သူ့ခွေးလေး RouRou နာမည်ကို ထားသည်..။
ကျွန်တော် တံခါး Password ကို ရိုက်နှိပ်တော့မယ့်အချိန်မှာပဲ တံခါး ပွင့်သွားသည်....။
ဒါပေမယ့် ကျွန်တော့်ရှေ့မှာ မတ်တပ်ရပ်နေတာတော့ သူမဟုတ်ဘူး.....။ဖြစ်သလို ကောက်စွပ်လာမှန်းသိသာတဲ့ တွန့်ကြေနေတဲ့ အကျီရယ်... ၊ တင်ပါးဖုံးရုံ ဘောင်းဘီတို အကျပ်ရယ်..၊ ဆေးဆိုးပန်းရိုက်မျက်နှာနဲ့ နီရဲနေတဲ့ ဆံပင်ကောက်ကောက်တွေနဲ့ မိန်းမတစ်ယောက်...။
![](https://img.wattpad.com/cover/67673680-288-k464770.jpg)
VOUS LISEZ
မရှိမဖြစ်.............
Fiction généraleမင်းမရှိတာနဲ့ အရာအားလုံး ခြောက်ကပ်သေဆုံးသွားသလိုမျိုး.... မရှိမဖြစ်ဆိုတာ...လိုအပ်မှုတစ်ခုထက် လေးနက်ပါတယ်... ကလေးရယ်...