မှိန်မှိန်လေးလင်းနေသော လမ်းမီးတိုင်အောက်တွင် ထိုင်ရင်း ဘယ်လောက်ကြာကြာအတွေးလွန်နေမိသလဲမသိ၊ ပတ်ဝန်းကျင်ကို သတိပြုမိတော့ တိတ်ဆိတ်နေသည်မှာ ခွေးတစ်ကောင်ကြောင်တစ်မြီးတောင် မတွေ့ရတော့။ဘေးတွင်ချထားသော ချပ်ပြားပုလင်းလေးထဲက နောက်ဆုံးလက်ကျန်တစ်ငုံကို သောက်ရင်း နေရာမှထွက်လာခဲ့သည်။ ညလေပြေအေးအေးက တိုးဝင်လာသော်လည်း သောက်ထားတဲ့အရှိန်ကြောင့် မချမ်းတော့။ ကြိုသူမရှိမဲ့ အိမ်ကိုခဏမေ့ထားရင်း ဒီနေ့တော့ လမ်းဘေးတစ်နေရာမှာပဲ အိပ်ဖို့စဉ်းစားထားသည်။
အားတိုင်းလာနေကျ ခုံတန်းလျားလေးမှာ လူရှိနေတာကြောင့် နောက်ပြန်လှည့်ဖို့ တွေးမိပေမဲ့ တစ်ယောက်ထဲခပ်ကုပ်ကုပ်ထိုင်နေတဲ့ တစ်ယောက်နားကိုအရောက်သွားဖို့ ဘယ်အရာက အတင်းတွန်းအားပေးလိုက်သည်မသိ။ ကိုယ်တိုင်တောင်သတိမထားမိဘဲ ခြေလှမ်းတွေက သူရှိရာကိုရောက်နေပြီ။
ခုံပေါ်မှာခြေထောက်ပိုပြီး ခပ်ကုပ်ကုပ်နေနေတဲ့အရာက လူဖြစ်ပါစေလို့တော့ ဆုတောင်းရင်းပေါ့။ အနားရောက်သည်အထိ မဲလုံးလုံးကောင်လေးက တုပ်တုပ်မျှမလှုပ်။
''ဟေး မင်းအဆင်ပြေရဲ့လား ''
သူ့လက်မောင်းကို ကိုင်လှုပ်နှိုးတော့ ဖြည်းဖြည်းချင်း ခေါင်းမော့လာသည်။ ရုတ်တရက် ကြည့်ထားတဲ့သရဲကားကို သတိရလာတော့ ထွက်ပဲပြေးရလိုဖြစ်နေတုန်း ဖြူလျော့နေတဲ့ သူ့မျက်နှာကပေါ်လာသည်။ တော်သေးတယ် သရဲမဟုတ်ဘူးပဲ...။
မော့လာတဲ့ သူ့မျက်နှာပေါ် စိုစွတ်နေတဲ့မျက်ရည်စတွေနဲ့။ အနှောင့်အယှက် မပေးချင်တာနဲ့ လှည့်ထွက်မလို့လုပ်ပေမဲ့ အင်္ကျီစကိုဆွဲထားတဲ့သူ့ကြောင့် သက်ပြင်းခပ်ယဲ့ယဲ့သာချမိသည်။ စထားမိတဲ့ကိစ္စကို အဆုံးထိကူညီရမှာပဲ။