အပိုင်း ၅

5.5K 611 9
                                    

    သုံးနှစ်ခန့်ကြာသော်…။

    နွေရာသီအားလပ်ရက်ဖြစ်၍ ချောင်းသာကမ်းခြေတွင် လူအများဖြင့် စည်ကားနေသည်။

    တချို့က ကမ်းခြေတွင် ရေကစားနေ၍ တချို့က နေပူဆာလှုံနေကြသည်။ စက်ဘီးစီးနေသည့် လူများလည်း ရှိသလို အကင်များရောင်းရင်း ဝမ်းရေးအတွက် ရုန်းကန်နေကြသူများလည်းရှိကြသည်။ ဘောလုံးကစားနေကြသည့် လူအုပ်ကလည်း အရွယ်စုံဆိုဒ်စုံ။

    ပင်လယ်ကို ဖြတ်ကာ တဖြူးဖြူး တိုက်ခတ်လာသည့် လေက ဆားငံဓာတ်ကိုပါ တစ်ချက်တစ်ချက် သယ်ဆောင်ရင်း ကမ်းခြေရှိ လူများကို ကလူကျီစယ်လျက်ရှိသည်။ နေထွက်ခါစ အချိန်ဖြစ်၍ အဝေးမှ မြင်နေရသော သူရိန်နေမင်းသည် လောကကို အလှဆင်အံ့ဟု မာန်ချီနေသည့်သဖွယ် ရွှေရောင်အလင်းပုဝါကို ဖြန့်ခင်းရင်း လူသားအပေါင်းကို နှုတ်ဆက်ဂါရဝပြုနေသည်။

    ထိုစဉ် သာယာနေသည့် မနက်ခင်းကို ရုတ်ရုတ်သဲသဲဖြစ်သွားစေသည့် အသံတစ်သံသည် တစ်နေရာမှ စူးစူးဝါးဝါး ထွက်ပေါ်လာသည်။

    "ကယ်ကြပါဦးရှင်... ကျွန်မသားလေး လှိုင်းနဲ့ပါသွားလို့ ကယ်ကြပါဦး"

    ငါးနှစ်အရွယ်ခန့် ကလေးငယ်တစ်ဦးသည် ဘောကွင်းတစ်ခုပေါ်၌ လှိုင်းငယ်တစ်ခုနှင့်အတူ ပင်လယ်ထဲသို့ ပါသွားသည်ကို အားလုံးတွေ့လိုက်ရသည်။

    ထိုကလေး အဝေးသို့ ရောက်သွားသည်ကို မိခင်က သတိမထားဘူးထင်သည်။ ကလေးက ကန့်သတ်ထားသည့် သတ်မှတ်နေရာကိုတောင် ကျော်လုနေပြီဖြစ်သည်။

    ကြည့်နေရင်းပင် ထိုကလေးစီးနေသော ဘောကွင်းက လေရှူးသွားသည်။ တဖြည်းဖြည်းနစ်မြှုပ်လာပြီး ကလေးငယ်က အတင်းရုန်းကန်ရင်း ထငိုလေတော့သည်။

    နံဘေးမှာ ကြည့်နေသည့် လူများတွင်လည်း ရေကူးတတ်သည့်သူ တစ်ယောက်မျှ မပါဘူးလောမသိချေ။ အချင်းချင်း လက်ညှိုးထိုးရင်း လက်တို့ရင်းသာ တစ်ယောက်တစ်ပေါက် အော်ဟစ်လျက် မကူညီကြဘဲ ထိုသားအမိကို အကြောက်ပိုတိုးစေသည်။

    "ကယ်ကြပါဦး... ကျွန်မသားလေး ရေနစ်နေပြီ"

    ထိုစဉ် ထိုလူအုပ်၏ ခပ်လှမ်းလှမ်း တစ်နေရာမှ အပေါ်ပိုင်းဗလာနှင့် လူငယ်တစ်ယောက် ထွက်လာကာ ကျောက်ဆောင်တစ်ခုပေါ်မှ ပင်လယ်ထဲသို့ ဒိုက်ထိုး၍ ခုန်ဆင်းသွားသည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now