တိတ်ဆိတ်လှသော ညနေခင်းတစ်ခုတွင် အံ့မဟော်တို့ မိသားစုသုံးယောက် ညစာစားနေကြသည်။
ဇွန်းခရင်းသံမှတစ်ပါး မည်သည့်အသံမျှ မကြားရလောက်အောင် တိတ်ဆိတ်မှုက ထိုထမင်းဝိုင်းရှိ လူသုံးယောက်ကြားမှာ ကြီးစိုးလျက်ရှိသည်။
တစ်ယောက်နှင့်တစ်ယောက်ကြားမှာ အချင်းချင်း နွေးထွေးမှုလည်းမရှိ၊ ကြင်နာစွာ ဟင်းထည့်ပေးခြင်းမျိုးလည်းမရှိ။ ကိုယ့်ထမင်းပန်းကန် ကိုယ်စားကာ အားလုံးက ကိုယ့်အာရုံနဲ့ကိုယ် နေနေကြသည်။
ထိုတိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူက ထမင်းစားပွဲ၏ အလယ်တွင် ရှိသော ဒေါ်ခင်မျိုးမြတ်။
"မဟော်နဲ့ အငယ့်ကို ပြောစရာရှိတယ်၊ ခဏလောက် နားထောင်ပေးကြပါ"
ဒေါ်သဇင်ငယ်ကတော့ စားလက်စကို ရပ်ကာ ဒေါ်ခင်မျိုးမြတ်ကို အကြောင်းပြန်လိုက်သည်။
"ဘာပြောမလို့လဲ မမ... ပြောလေ"
သူကတော့ စကားဝိုင်းကို နားစွင့်ထားရင်း စားလက်စ ထမင်းကိုသာ ပုံစံမပျက် ဆက်စားနေလိုက်သည်။
"မဟော်"
မာမီ့ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ယခုအကြိမ်က အရင်တစ်ခါနဲ့မတူ။ အနည်းငယ်ခန့် အားပါသည့် အသံမျိုး။
သူ မာမီ့ကို ကြည့်လိုက်တော့ မျက်ဝန်းတို့က တစ်ခုခုကို အလိုမကျဟန်။
"မာမီ စကားပြောနေတယ်လေ၊ နည်းနည်းလောက် အာရုံစိုက်ပေးလို့ ရမလား"
"ပြောလေ မာမီ"
စားစရာရှိတာ ဆက်စားနေတုန်း မာမီ့စကားသံက ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။
"ယဉ်ကျေးမှုရှိရှိနဲ့ တစ်ဖက်လူ စကားပြောတာကို နားထောင်ပေးလေ မဟော်"
မာမီကတော့ ခက်ပြန်ပြီ။
မာမီစကားစကတည်းက နားထောင်ပေးနေခဲ့တာပဲလေ။ ယဉ်ကျေးမှုက ရှိရဦးမယ်တဲ့လား။
"နားထောင်ပေးနေတယ် မာမီ၊ ဘာထပ်ဖြစ်စေချင်သေးလို့လဲ၊ စားနေတာကို ရပ်ပေးရဦးမှာလား၊ မာမီပြောတဲ့ ယဉ်ကျေးမှုဆိုတာက သူတစ်ပါး စားသောက်နေတာကို အနှောက်အယှက်ဖြစ်စေတဲ့ အရာလား"