အပိုင်း ၇

4.6K 562 11
                                    

    "ကျွန်တော်က ဘာအကြောင်းကြောင့် မဖြစ်မနေ တွေ့ရမှာလဲ မာမီ၊ မာမီ လိမ်ခေါ်လာလို့ ဒီအထိရောက်လာတာ၊ ကျွန်တော့်မှာ ခြေထောက်ပါတယ်၊ ကိုယ့်ဟာကိုယ်ပြန်မယ်"

    "မဟော်... မာမီ့ကို တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် ကလန်ကဆန် မလုပ်လို့မရဘူးလား၊ မာမီ တောင်းဆိုပါတယ် please..."

    သူစိတ်ရှုပ်စွာဖြင့် ဆံပင်တွေကို ဆွဲဖွလိုက်သည်။

    အဖြစ်က မာမီသည် သူနှင့်ငယ်ငယ်အား သူမခင်ပွန်းလောင်းနှင့် တွေ့ဆုံပေးမည့် အစီအစဉ်။ သူ မလိုက်မှာစိုး၍ သူ့အား အပြင်မှာ ညစာစားရအောင်ဟု ငယ်ငယ်မှတဆင့် လိမ်ခေါ်သဖြင့် ဆိုင်ရှေ့မှာ အငြင်းပွားနေရခြင်း။

    "မာမီသာ ရိုးသားခဲ့ရင် ကျွန်တော်ဒီလိုလုပ်မှာ မဟုတ်ဘူး"

    "မာမီ ပွင့်ပွင့်လင်းလင်း ပြောခေါ်ရင်ရော မဟော်က လိုက်မယ့် လူမျိုးလား၊ အထဲမှာ ကိုခန့်သာတို့ သားအဖ ရောက်နှင့်နေကြပြီ၊ မဟော့်စကားကြောင့် မာမီအိမ်မှာ မတွေ့ဘဲ ဆိုင်မှာတွေ့ဖို့ တောင်းဆိုထားတာ၊ မာမီ့ကို တစ်ခါလောက် လိုက်လျောပေးပါ မဟော်"

    "သားသား... ခုမတွေ့လည်း တစ်ချိန်ကျရင် မဖြစ်မနေ ပတ်သက်ရမယ့် လူတွေပဲလေ၊ အထဲဝင်ကြရအောင်နော်"

    ငယ်ငယ်ကပါ ဝင်ပြောတော့ သူငြင်းရခက်သွားသည်။

    မာမီနှင့်သာ ဘယ်လောက်အတိုက်အခံလုပ်ရလုပ်ရ သူဝန်လေးနေမှာမဟုတ်။ ဒါပေမဲ့ ငယ်ငယ့်ကိုတော့ သူ့ကြောင့်နှင့် စိတ်မညစ်စေချင်ပါ။

    စုတ်တစ်ချက်ကို ခပ်တိုးတိုးသပ်ရင်း ဆိုင်ထဲသို့ ရှေ့မှအရင်ဝင်သွားလိုက်သည်။

    မာမီ ကျွန်တော့်ကို ခေါ်လာတဲ့အတွက် နောင်တရရလိမ့်မယ်။

    ဆိုင်ထဲသို့ ရောက်သောအခါ အသင့်စောင့်နေသော ဝိတ်တာတစ်ဦးက သူတို့ကို သီးသန့်ခန်းတစ်ခုသို့ ရှေ့မှလမ်းပြပေးသည်။

    ထိုအခန်းထဲတွင် အသားဖြူဖြူနှင့် လေးဆယ်ကျော်အရွယ်ခန့်ရှိမည့် မာမီ့ခင်ပွန်းလောင်းနှင့် ဘေးတွင် ခပ်ချောချောကောင်မလေးတစ်ဦးကို တွေ့ရသည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now