ယနေ့ ဒေါ်ခင်မျိုးမြတ်တစ်ယောက် ဦးခန့်သာတို့ အိမ်သို့ စတင်ပြောင်းသည့်နေ့ ဖြစ်သည်။
မဟော်သည် သူပြောခဲ့သလို မင်္ဂလာပွဲကို လုံးဝမတက်ခဲ့သလို အိမ်ပြောင်းတော့လည်း လုံးဝမလိုက်ဘဲ အရင်အိမ်မှာသာ ပေကပ်ကျန်ခဲ့သည်။
ဘယ်လိုလိုခေါ်ခေါ်မရတာကြောင့် နောက်ဆုံးတော့ သူမကပဲ လက်လျှော့လိုက်ရကာ တစ်ယောက်တည်း ပြောင်းရွှေ့ရသည့်အဖြစ်။
သားလေးတစ်ယောက် မွေးထားမိပါတယ်။
ဒီသားက သူ့စကားဆို ဘယ်တုန်းကမှ နားမထောင်ခဲ့ပေ။ ခေါင်းမာချက်က သူမတောင် ပြန်လည်လက်မြောက်အရှုံးပေးရသည်အထိ။
တကယ်ဆို သူ့အဒေါ်နဲ့ နေကျန်ခဲ့တယ်ဆိုပေမဲ့ အမေအရင်းဖြစ်သည့် သူမ ရင်ထဲမှာ ဘယ်လိုမှ စိတ်မချနိုင်ပါ။ သားက သူ့ကို ကလေးလို ဆက်ဆံတာလဲ မကြိုက်၊
လူကြီးတစ်ယောက်လို ပြုပြင်ထိန်းကျောင်းပေးတော့လည်း လက်မခံ။
မာမီ ဘယ်လိုနည်းလမ်းမျိုးနဲ့ မဟော့်ကို ကိုင်တွယ်ရမလဲ မဟော်...။
သက်ပြင်းမောတစ်ခု သူမ ကြိတ်ချလိုက်မိသည်။
မာမီ့ကိုတောင် အုပ်ထိန်းသူအဖြစ်ပဲ သူ့စိတ်တွင် နေရာပေးထားသည်တဲ့…။
ထိုစကားကို ကြားလိုက်ရတော့ တစ်ယောက်တည ညဘက်မှာ ကြိတ်ငိုခဲ့ရတာတွေ မဟော်မသိ။
မဟော်သိတာက သူမကို ခနဲ့မည်။ မခန့်လေးစားလုပ်မည်။
မဟော်သည် သူမ မြန်မာပြည်သို့ ပြန်ရောက်ကတည်းက သူမ လိုက်မမီအောင် ပြောင်းလဲသွားသည် ဆိုပေမဲ့ အကောင်းဘက်သို့ ရောက်စေရန်သာ သူမမျှော်လင့်ခဲ့သည်။
ယခု မဟော့်ပုံစံက လုံးဝအဆိုးဘက်သို့ ရောက်နေပြီ။
ဆေးလိပ်သောက်တာ သူမ မိသွား၍ ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ခဲ့ပေမဲ့ မဟော်က ရှေ့ဆက်တိုးသည်။ လက်ပါတဲ့အထိ သူမ ဆုံးမခဲ့သော်လည်း ဘယ်လောက်ပဲရိုက်နှက်ပါစေ ရိုက်ရတဲ့ လူသာ ရင်ကျိုးပြီး သေရင် သေလိမ့်မည်။ မဟော်ကတော့ သူလုပ်ချင်တာကို ဆက်၍ လုပ်မြဲလုပ်ဆဲ။ နောက်ဆုံး သူမကပဲ အလျှော့ပေးရကာ တစ်နေ့ကို နှစ်လိပ်ပဲ သောက်ပါဟု ငိုယိုတောင်းပန်ခဲ့ရသည်။