အရွဲ့တိုက်ခြင်းအနုပညာကို ကိုင်ဆွဲပြီး ခင်ဗျားရင်ထဲကို တဇွတ်ထိုးဆန်ဆန် ဝင်လာခဲ့တဲ့သူကို ခင်ဗျားက အပြုံးလေးနဲ့ ဆီးကြိုသတဲ့။
ချစ်ခြင်းတွေ ဘယ်ကစလဲလို့ မေးရင် ကျားရိုင်းတစ်ကောင်ကို အစာကျွေးမိတဲ့ ခင်ဗျားရဲ့ အပြစ်တွေက စတယ်လို့ အတ္တကြီးကြီးနဲ့ ကျွန်တော်ဖြေမယ်။
အဲဒီ့ချစ်ခြင်းတွေက ခင်ဗျားအတွက် ခါးတယ်ဆိုရင်တောင် အနည်းဆုံးတော့ ခင်ဗျားရဲ့ လျှာနဲ့ ထိတွေ့ခွင့် ရလိုက်တဲ့အတွက် ကျွန်တော်ပျော်တယ်။
ခင်ဗျားဟာ ကျွန်တော် နာရမှန်းသိပေမဲ့ လိုလိုလားလား ဆုပ်ကိုင်ထားမိတဲ့ ဆူးအပြည့်နဲ့ ပန်းလေးတစ်ပွင့်။
ခင်ဗျားပေးတဲ့ ကျွန်တော့်လက်ပေါ်က ခြစ်ရာ စူးရာတွေကို ကြည့်ပြီး ကျေကျေနပ်နပ်ပြုံးမယ်။
တစိမ့်စိမ့်စီးကျနေတဲ့ သွေးတွေကိုတော့ မမြင်ချင်ယောင်ဆောင်ထားမယ်။
လွှတ်ချပစ်ဖို့ မစဉ်းစားခဲ့မိတာ မဟုတ်ဘူး။
လွှတ်မချရက် ရလောက်အောင် ခင်ဗျားက သိပ်လောဘတက်ချင်စရာကောင်းနေခဲ့တာ။
မမြင်ဖူး မတွေ့ဖူးတဲ့ ဒဿဂီရိဆိုတဲ့ကောင်ကို ကျွန်တော် မသနားဘူး။
လက်တွေ့မှာ မြင်နေရတဲ့ ပိုဖလံလေးတွေကိုပဲ ကျွန်တော် ကိုယ်ချင်းစာမိတယ်။
ကျွန်တော် မငိုချင်ဘူး။
ထပ်ပြီး မနာကျင်ချင်ဘူး။
ကျွန်တော် မသေချင်တာမို့ တစ်ဖက်ကိုပဲ သတ်ပါရစေ။
~~~~~~~
"ဒီနေ့ မဟော့်ကို စာလာပြဖို့ ဟိုဘက်အိမ်က မသိမ့်ရဲ့သား လာလိမ့်မယ်၊ မဟော် ခုအချိန် ရေချိုးထားသင့်ပြီ"
ဧည့်ခန်းထဲတွင် ခွေခေါက်ကာ ဂိမ်းဆော့နေသော မဟော့်ကို မာမီက ဆေးရုံသို့ သူမ သွားခါနီး မှာကြားနေသည်။
"ဂိုက်မလိုဘူး"
"ဂိုက်မဟုတ်ဘူး၊ ဒီအတိုင်း သူအားတဲ့အချိန်တွေမှာ မဟော်နားမလည်တဲ့ စာတွေကို ပြပေးမှာ၊ မနက်ဖြန် ကျူရှင်ကို ဦးဘမောင်လိုက်ပို့လိမ့်မယ်၊ ကျူရှင်က မနက်ရှစ်နာရီစမှာ၊ မနက်ခုနှစ်နာရီထပြီး မနက်စာစားပြီးမှ သွားပါ မဟော်"