ဒီနေ့ ရာသီဥတု သာယာတာကြောင့် အံ့မဟော်တစ်ယောက် အလိုလို စိတ်ကြည်နေသည်။
မနက်တည်းက စောစောထကာ ခြံထဲဆင်း၍ တိမ်ကင်းစင်ပြီး ကြည်လင်နေသော ကောင်းကင်ပြာပြာကို အကြာကြီး ထိုင်ကြည့်နေမိသည်။
စိတ်ကြည်နေတာမို့ ကောင်းကင်ကို နောက်ခံထား၍ selfie တစ်ပုံ ရိုက်ပြီး Instagram ပေါ်တွင်တောင် တင်လိုက်သေးသည်။ ခဏအကြာ အလုအယက်ဝင်လာသော reaction တွေနှင့် comment တွေကို ကြည့်၍ သူအသာပြုံးလိုက်သည်။ ဒီအတုအယောင်တွေက နည်းနည်းတော့ ယစ်မူးချင်စရာ ကောင်းသည်မဟုတ်လား။
Ring... ring...
Commentတွေ ဖတ်နေတုန်း ဖုန်းဝင်လာတာကြောင့် contact name ကို ကြည့်လိုက်တော့ အဆက်အသွယ် ပြတ်နေတာတောင် ကြာပြီဖြစ်တဲ့ သုသု။
"ပြော"
ဖုန်းကို ချက်ချင်းကိုင်ရင်း သူထူးလိုက်သောအခါ တစ်ဖက်မှ ခပ်လွင်လွင် အသံလေးကို ကြားလိုက်ရသည်။
"ကြည့်ရတာ မဟော် ဒီနေ့သာယာနေတယ် ထင်တယ်၊ မဟော် အခု အပြင်မှာလား"
"အိမ်ထဲမှာတော့ မဟုတ်ဘူး"
"အိမ်ထဲမှာ မဟုတ်တာတော့ သိပါတယ်၊ ဒီနေ့ ကောင်းကင်က မဟော်ရဲ့ စိတ်ကြိုက် ကြည်လင်နေတယ်လေ၊ ဒါပေမဲ့ မဟော်တင်ထားတဲ့ ပုံမှာ ကောင်းကင်နဲ့ တွဲတင်ထားတာဆိုတော့ ထူးထူးခြားခြား ဒီနေ့ တစ်နေရာရာ ရောက်နေတာလားလို့"
ရာသီဥတု သာယာတဲ့ နေ့တွေဆို အံ့မဟော် အပြင်မထွက်တတ်။ အိမ်မှာပဲ ငယ်ငယ်နဲ့အတူ တယောတီးရင်တီး ဒါမှမဟုတ် မုန့်လုပ်နည်း တစ်မျိုးမျိုးကို online ကနေ ရှာပြီး တစ်ယောက်တည်း လုပ်စားဖြစ်သည်။ သူ့အကျင့်ကို သုသုက သိတာကြောင့် မေးခြင်းဖြစ်မည်။
ဒီနေ့မှာတော့ ငယ်ငယ် မန္တလေးသို့ ပြန်သွားတာကတစ်ကြောင်း၊ တနင်္ဂနွေနေ့ဖြစ်တာမို့ ဦးခန့်သာရော မာမီပါ ဒီအိမ်မှာ နှစ်ယောက်လုံးရှိနေတာက တစ်ကြောင်းကြောင့် တယောလည်း မတီးဖြစ်သလို မီးဖိုခန်းဘက်သို့လည်း ခြေဦးတောင် မလှည့်ဖြစ်ချေ။
"တစ်နေရာရာ ရောက်နေတယ်ဆိုတာက ဟုတ်တယ်၊ ငါအခု ငါ့အိမ်မှာ မဟုတ်ဘူး"