လောကကြီးရဲ့ တစ်ထောင့်တစ်နေရာတွင် သူ့အတွက် ပုန်းခိုစရာနေရာတစ်ခုကို အသည်းအသန် ရှာဖွေနေမိသည်။
ပြေးသည်။ အားကုန် ပြေးနေသည်။
အကောင်အထည်မရှိသည့် အရာတစ်ခုက သူ့နောက်မှ ကြောက်လန့်ဖွယ် လိုက်နေတာကြောင့် အဆုံးမရှိသည့် လမ်းတွင် အသက်ရှူရပ်မတတ် မရပ်မနား ပြေးနေမိသည်။
ရုတ်တရက်...
အရာအားလုံး မှေးမှိန်ကာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
အဖြူရောင်ကြမ်းပြင်က တဖြည်းဖြည်း ပြိုကျလာကာ သူရပ်နေသည့် တစ်နေရာစာသာ ကျန်ခဲ့တော့သည်။
သူသိပ်ကြောက်တဲ့ အမှောင်ထု သူ့ကို မိသွားခဲ့ပြီ။
ဒီတစ်ခါလည်း လွတ်အောင် မပြေးနိုင်ခဲ့ချေ။
အဖြူရောင်လွင်ပြင်ကို အမှောင်ထုက ဝါးမြိုသွားလေပြီ။
ကြောက်ရွံ့လှသည်။ သို့ပေမဲ့ မျက်လုံးတွေကို မမှိတ်ရဲ။
ထိတ်လန့်စွာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်၍ ကျီးကန်းတောင်းမှောက် ကြည့်နေမိသည်။
ဘယ်အချိန် ဘယ်နေရာကနေ ပေါ်လာပြီး အဆုံးမရှိတဲ့ ချောက်ထဲကို ဆွဲချမှာလဲ။
ဆောက်တည်ရာမဲ့စွာ သွေးပျက်နေတုန်း အမျိုးသမီးတစ်ယောက် သူ့ရှေ့မှ ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။
မာမီပါလား...
မာမီ ကျွန်တော့်ကို မမြင်ဘူးလား။
မာမီ...
မာမီ...
မာမီရေ.....
အား....
ဘာလို့ အသံက ထွက်မလာရတာလဲ။
လည်ချောင်းတစ်ခုလုံး ကွဲမတတ် အားကုန် အော်ခေါ်နေသော်လည်း လည်မျိုအား တစ်ယောက်ယောက်က တက်နင်းထားသလို လုံးဝ အသံထွက်မလာချေ။
မာမီ... သားကို မထားပါနဲ့။
မာမီ...။
အကြိမ်ကြိမ်အခါအခါ ထပ်ကာထပ်ကာဖြင့် မာမီ့ကို အော်ခေါ်နေမိသည်။