အပိုင်း ၁၄

4K 476 4
                                    

    မီးဖိုခန်းထဲတွင် ခေါက်ဆွဲပြုတ်ရန် အလုပ်ရှုပ်နေသော အပြာရောင်ရှပ်အင်္ကျီနှင့် ကျောပြင်ကျယ်။

    ထမင်းစားဝိုင်းတွင် ဒူးနှစ်ဖက်ကို ထောင်ကာ လက်ဖြင့် ခပ်လျော့လျော့ပိုက်ထားရင်း အံ့မဟော် မျက်တောင်မခတ်စတမ်း ကြည့်နေမိသည်။

    ဗိုက်ဆာရင် ထမင်းသွားစားလေဟူသော ခွင့်ပြုချက်ကို စားစရာမရှိဘူးဆိုတဲ့ အံ့မဟော်ရဲ့ အဖြေက ဒီလူကိုယ်တိုင် မီးဖိုခန်းထဲဝင်၍ ခေါက်ဆွဲပြုတ်ပေးသည်အထိ ဖြစ်မယ်မှန်း ထင်မထားခဲ့ပါ။

    အားနည်းနေတဲ့ ပုံစံကို သူစိမ်းတစ်ယောက် မြင်သွားတာကြောင့် ဖုံးကွယ်ရန်အတွက် မလုံမလဲ ဆိုလိုက်တဲ့ စကားတစ်ခွန်းမျှသာ။

    တကယ်ဆို ညစာမစားဖြစ်တဲ့ နေ့တွေဆိုတာ အံ့မဟော်အတွက် အဆန်းမဟုတ်ပေ။

    ညစာမှ မဟုတ်။ ငယ်ငယ်မရှိတဲ့ နေ့တွေဆို အံ့မဟော်အတွက် အစာစားချိန်ဆိုတာ ပုံမှန်မရှိသလို စားစရာ ထမင်းပွဲဆိုတာလည်း မရှိ။ ဒါဟာ အံ့မဟော်အတွက် ပုံမှန်ဖြစ်သော်လည်း ဒီလူ့အတွက်တော့ အတော်ထူးဆန်းသွားသည် ထင်သည်။

    မာမီက အံ့မဟော်အား သူမ စားသလို အပြင်မှာသာ စားစေသည်။ ထမင်းဟင်းချက်ခြင်းဆိုတာ မာမီ့ဘဝမှာ တစ်ခါမှ မလုပ်ဖူးတဲ့အလုပ်။

    ဆေးထိုးအပ် ကိုင်ဖို့ မွေးလာတာ၊ မီးဖိုချောင်ထဲက ပစ္စည်းတွေကို ကိုင်ဖို့ မွေးလာတာမဟုတ်ဘူးဆိုတဲ့ စကားကို ဒယ်ဒီနဲ့ မာမီ စကားများတိုင်း မာမီ့ဆီမှ သူ အမြဲကြားဖူးသည်။ Cooking class ကို တက်ရတဲ့ ရည်ရွယ်ချက်က ငယ်ငယ်တုန်းက ဒယ်ဒီပြောဖူးသည့် မိသားစုထမင်းဝိုင်းဆိုတာကို မာမီ့အစား အံ့မဟော် ဖန်တီးပေးလို၍ ဖြစ်သည်။

    ငယ်ငယ်တုန်းက ကလေးအတွေးသာ တွေးတတ်သေး၍ ဒယ်ဒီ ထိုကဲ့သို့ပြောတိုင်း အရေးမပါတဲ့ ကိစ္စအတွက်နဲ့ မာမီ့ကို ရန်ရှာသည်ဟု အမြဲထင်ခဲ့မိသည်။ အသက်တဖြည်းဖြည်းကြီးလာမှ အံ့မဟော် ဒယ်ဒီ့ကို ကိုယ်ချင်းစာမိသည်။

    မိသားစုထမင်းဝိုင်းဆိုတဲ့ အရာက ဘယ်လောက်အရေးပါပြီး ဘယ်လောက်အားကျဖို့ကောင်းမှန်း...

ရင်ကွဲငှက်ငယ်Where stories live. Discover now