အလိုမတူဘဲ လိုက်လာရသဖြင့် အံ့မဟော်ရဲ့ မျက်နှာပေါ်တွင် ကြည်လင်မှုတို့ ရှိမနေ။ တစ်လမ်းလုံးလည်း ဘာစကားမှ မပြောဘဲ မျက်မှောင်ကြုတ်လျက် အပြင်ဘက်ကိုသာ ကြည့်ရင်း ငြိမ်သက်စွာ လိုက်ပါလာသည်။ ဒီကောင်လေး အချိန်တိုင်း မျက်မှောင်ကြုတ်ထားရတာ မညောင်းဘူးလား မသိ။
လင်းသန့်မောင်လည်း ရာသီဥတုမသာယာတာကြောင့် ဘာစကားမှမဆိုဘဲ ကိုယ့်ဟာကိုယ်သာ သီချင်းလေးညည်းရင်း ကားမောင်းလာခဲ့လိုက်သည်။
ဂေဟာသို့ ရောက်သောအခါ အသင့်စောင့်နေသည့် ဆရာမ မဖြူတို့အဖွဲ့က သူ့ကားထဲမှ အထုတ်တွေကို သယ်ရန် အပြေးလာကြိုကြသည်။
အထဲသို့ အံ့မဟော်ကိုပါ ခေါ်၍ ဝင်လိုက်သောအခါ ကလေးတွေ အားလုံးက နေရာအသင့်ယူပြီး၍ သူ့နေရာနှင့်သူ အားလုံးအဆင်သင့်တောင် ဖြစ်နေလေပြီ။
ဂေဟာမှူးနှင့် ကလေးငယ်တို့ကို နှုတ်ဆက်လိုက်ပြီးနောက် ကျောက်သင်ပုန်းပေါ်တွင် ရေးထားသော စာအချို့ကို ကြည့်၍ သူ ပြုံးလိုက်သည်။
ဆရာလေး လင်းသန့်မောင်၏ မွေးနေ့မင်္ဂလာ ဟူသော စာတန်းလေးက တစ်လုံးနှင့်တစ်လုံး ညီညာမှုမရှိဘဲ ကြီးသည့်စာလုံးက ကြီးကာ သေးသည့်စာလုံးက သေးနေသည်။
"ကလေးတွေက သူတို့ဆရာလေးရဲ့ မွေးနေ့ကို သူတို့ကိုယ်တိုင်ရေးချင်လို့ဆိုပြီး တောင်းဆိုကြလို့ ဗိုလ်ကျားသေနတ်ကို အုပ်စုဖွဲ့ ကစားခိုင်းပြီးတော့ အနိုင်ရတဲ့ လူတွေကို တစ်ယောက်တစ်လုံးကျစီ ရေးခွင့်ပြုထားတာလေ"
ကျောက်သင်ပုန်းကို ခပ်ပြုံးပြုံးရပ်ကြည့်နေသော လင်းသန့်အနားသို့ ဂေဟာမှ အသက်အကြီးဆုံးဖြစ်သည့် ဦးလူခင်က အတူရပ်ရင်း ပြောလာသည်။
"ကျွန်တော် ထင်တော့ထင်သား၊ စာလုံးတွေ မညီနေတာကို ကြည့်ပြီးတော့လေ"
"ဒီက ကလေးတွေက မင်းကို သိပ်သံယောဇဉ်တွယ်ကြရှာတာ၊ မင်းဒီမနက်လာမယ်ဆိုလို့ အကုန်လုံး စောစောထ ဘုရားဝတ်ပြုပြီး ဖြီးလိမ်းပြင်ဆင်ထားကြတာ မောင်ရေ"
ဦးလူခင်စကားကြောင့် သူ့မှာ အပြုံးပေါ် အပြုံးဆင့်ရပြန်သည်။