"ဘယ်လိုလုပ်ကြမလဲ ကိုခန့်၊ ကျွန်မ ကျွန်မလေ..."
"စိတ်ကို ငြိမ်ငြိမ်ထား ခင်"
လက်ထဲက စာရွက်ကို ကြည့်၍ ဒေါ်ခင်မျိုးမြတ် အကြီးအကျယ် သွေးပျက်နေမိသည်။
အိုးထိန်းစက်ကြီးတစ်ခုလုံး မိမိဦးခေါင်းပေါ်သို့ အတင်ခံလိုက်ရသလို ခေါင်းတစ်ခုလုံး ချာချာလည်ကာ ကုတင်ပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်မိသည်။
စာရွက်တစ်ရွက်ကိုတောင် တည်ငြိမ်အောင် မကိုင်နိုင်တော့သည့်အထိ လက်တွေက အတုန်တုန်အယင်ယင်။
မဖြစ်နိုင်ဘူး... ဒါကြီးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
"မဟော် ကျွန်မကို ခွင့်လွှတ်မှာ မဟုတ်ဘူး ကိုခန့်၊ ဒီကိစ္စကိုသာ မဟော်သိသွားရင်.. မဟော် ကျွန်မကို"
"စိတ်လျှော့ ခင်၊ ကိုယ်တို့ သားကို ဖြည်းဖြည်းချင်းနေမှ အသိပေးမယ်လေ"
ဦးခန့်သာ စကားဆုံးသောအခါ ဒေါ်ခင်မျိုးမြတ် ခေါင်းကိုသာ တွင်တွင်ခါလိုက်သည်။
"ဟင့်အင်း ကိုခန့်၊ မဟော် သိလို့မဖြစ်ဘူး၊ မဟော်သိလို့ မဖြစ်ဘူးနော် ကိုခန့်"
ဦးခန့်သာလည်း ဆောက်တည်ရာမရ ဖြစ်နေသော ဒေါ်ခင်မျိုးမြတ်ရဲ့ ပခုံးကို ဆုပ်ကိုင်လိုက်ရင်း ဘေးတွင် ဝင်ထိုင်လိုက်သည်။
"ကိုယ်တို့ အချိန်တစ်ခုအထိ ယူကြတာပေါ့၊ အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့မှ မရနိုင်ဘဲ"
"ကိုခန့်... ကျွန်မ သိပ်ကို စက်ဆုပ်ဖို့ကောင်းတဲ့ မိန်းမတစ်ယောက် ဖြစ်သွားပြီလားဟင်"
"မဟုတ်တာ ခင်ရယ်၊ ဒါတွေအားလုံး ကိုယ့်ကြောင့်ပါ၊လူ့ကျင့်ဝတ်တွေကို မစောင့်ထိန်းဘဲ ချိုးဖျက်ပစ်ခဲ့တဲ့ ကိုယ့်အပြစ်တွေပါပဲ"
"ကျွန်မ အားနာလွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ ကိုခန့်ရယ် ကျွန်မလေ..."
ဒေါ်ခင်မျိုးမြတ် စကားကို ဆက်မပြောနိုင်တော့ဘဲ မျက်ဝန်းအိမ်မှ မျက်ရည်တစ်ပေါက် လိမ့်ဆင်းကျလာသည်။