အပိုင်း၂၀

3.7K 421 10
                                    

တစ်လကျော်ကြာသောအခါ အံ့မဟော်၏ အခြေအနေ အတော်တိုးတက်လာသည်။ သေးကွေးကြုံလှီနေသော ခန္ဓာကိုယ်သည် ယခုအခါ အစားအစာအကူအညီ၊ ဆေးဝါးအကူအညီတို့ကြောင့် အနည်းငယ် စိုပြည်လာသည်။မျက်သားအဖြူထဲက မျက်ဆံညိုတို့သည် ဝါထိန်နေရာမှ တဖြည်းဖြည်း မူလအရောင်သို့ ပြောင်းလဲလာချေပြီ။

အခန်းပိတ်ထားခါစ ဆယ်ရက်လောက်အထိ အံ့မဟော်၏ အခြေအနေသည် လုံးဝကို ဆိုးဆိုးရွားရွားပင်။ ညဘက်တွေဆိုလျှင်လည်း မအိပ်။ တစ်ညလုံး မိုးလင်းပေါက်အထိ ငုတ်တုတ်ထိုင်လျှင် ထိုင်နေတတ်သည်။ ကယောင်ကတမ်း ထအော်သည့် အခါလည်း အော်တတ်သည်။ အရူးတစ်ယောက်လို တစ်ယောက်တည်း စကားပြောသည့်အခါတွေလည်း ရှိသည်။ ယင်းထသည့် အချိန်တွေဆို သောင်းကျန်းလွန်း၍ အံ့မဟော်ကို ကြိုးတုပ်ထားရသည်အထိ မနည်းထိန်းချုပ်ရသည်။ 

တစ်ပတ်ကျော်တဲ့အထိ အခြေအနေမဟန်သောအခါ ဒေါ်ခင်မျိုးမြတ်တို့ ခေါင်းပူရလေပြီ။ တစ်နေ့ထက်တစ်နေ့ အရိုးကဲ့သို့ ပိန်ရှုံ့လာသည့် အံ့မဟော်ကို ကြည့်ကာ ခရီးဆုံးအထိတောင် တွေးမိသည်။ ဦးခန့်သာနှင့် လင်းသန့်မောင်တို့၏ တားမြစ်ချက်ကြောင့်သာ မဟုတ်လျှင် မဟော့်ကို သူမ ဆေးရုံသို့ ပို့ပြီးနေလေပြီ။

ဆယ်ရက်ပြည့်သည့် နေ့မှာတော့ အရင်ကလောက် မသောင်းကျန်းတော့။ မသောင်းကျန်းပေမဲ့ အကောင်းဘက်သို့ ရောက်သွားတာမျိုးလည်း မဟုတ်ပေ။ သူတစ်ယောက်တည်း စကားပြောလိုက် ရယ်လိုက်နှင့် မဟော့်ပုံစံက အသိစိတ်လွတ်နေသည့် အရူးတစ်ယောက်သဖွယ်။ ကောင်းတာတစ်ခုက ဆေးကိုပါ မေ့သွား၍ လုံးဝမတောင်းတော့ခြင်းပင်။

လင်းသန့်မောင်သည် ကလေးတွေဆီမှ ပြန်လာတာနှင့် အံ့မဟော်ဘေးမှာ နေရသည်။ လင်းသန့်မောင်ရှိတဲ့အချိန်တွေဆို အံ့မဟော်က ငြိမ်သည်။ စကားတစ်ခွန်းမျှ မပြောဘဲ ထိုင်ပေးထားသည့် နေရာမှာ ငြိမ်ငြိမ်သက်သက်ထိုင်ရင်း လင်းသန့်မောင် ဖတ်ပြသည့် စာတွေကို နားထောင်နေတတ်သည်။ လင်းသန့်မောင်ကလည်း တစ်နေ့တစ်မျိုး မရိုးရအောင် စာအုပ်အမျိုးအစား စုံစုံလင်လင် ဖတ်ပြလေ့ရှိသည်။ ကာတွန်း၊ မဂ္ဂဇင်း၊ ဝတ္ထု အစရှိရာမှ ဆရာတော်ကြီးများ၏ တရားစာအုပ်တွေအထိ ပါဝင်သည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now