အပိုင်း၂၁

3.5K 423 12
                                    

ကျယ်ဝန်းလှသော ခြံဝန်းထဲတွင် ခန့်ညားစွာ တည်ရှိနေသည့် အိမ်ကြီးတစ်အိမ်၏ ဆင်ဝင်အောက်ရှေ့၌ အံ့မဟော် ကားကို ရပ်လိုက်သည်။

အိမ်ဆိုတာထက် စံအိမ်လို့တောင် ပြောလို့ ရနိုင်သည်။မြင်နေရသည့် အိမ်ရဲ့ အကျယ်သည် လင်းသန့်မောင်တို့ နေအိမ်ရဲ့ နှစ်ဆလောက် ကြီးမားသည်။

သို့ပေမဲ့ ကျယ်ဝန်းလှသော ခြံနေရာနှင့် တိတ်ဆိတ်လှသော ပတ်ဝန်းကျင် အခြေအနေတို့ကြောင့် ဤအိမ်ကြီးကို ကြည့်ရသည်မှာ အထီးကျန်ဆန်လှသည်ဟု စိတ်က ခံစားမိသည်။

ကားနှင့် ဖြတ်မောင်းလာသော ခြံတစ်လျှောက်လုံးတွင် မောင်းလာသည့် ကွန်ကရစ်လမ်းကလေးမှ လွဲ၍ တစ်ခြံလုံး မြက်ပင်ရိုင်းတို့ ပေါက်ရောက်လျက်ရှိသည်။

ဤနေရာတစ်ခုလုံး၏ အသေးစိတ်အခြေအနေကို ကြည့်ပြီးသော် လင်းသန့်မောင် မှတ်ဉာဏ်က တစ်စုံတစ်ခုကို သတိရသွားသည်။

ဒီအိမ်ကို သူငယ်ငယ်တုန်းက တစ်ခေါက်ရောက်ဖူးခဲ့သည်ပဲ....

မေမေနှင့်အတူ ဒီအိမ်က ကောင်လေးတစ်ယောက်ရဲ့ မွေးနေ့ပွဲကို လာခဲ့ဖူးသည်။ သူရောက်ဖူးတုန်းက ပုံစံနှင့် ယခုလက်ရှိ အိမ်ကြီးရဲ့ ပုံစံက ခြားနားလွန်းတာကြောင့် လင်းသန့်မောင် မြင်မြင်ချင်း မမှတ်မိခဲ့ခြင်းပင်။

ဒေါက်.. ဒေါက်..

ကားတံခါးသို့ အံ့မဟော် လက်နှင့် ခေါက်လိုက်မှ အတွေးစတို့ ပြတ်တောက်သွားသည်။

ဆင်းခဲ့လေဟူသော ပုံစံနှင့် အံ့မဟော်က မျက်မှန်ကို ချွတ်၍ သူ့အား မေးဆတ်ပြသည်။ ထိုအခါမှ သူလည်း ကားထဲမှ ဆင်းကာ အိမ်ထဲဝင်သွားသော အံ့မဟော်နောက်သို့ အမီလိုက်ရသည်။

အိမ်ကြီးက ကြီးမားပြီး လုံခြုံနေတာကြောင့် အတွင်းပိုင်းတွင် မှောင်မဲနေသည်။ အံ့မဟော် ဖွင့်ခဲ့သည့် တံခါးမကြီးမှ တိုးဝင်လာသော အလင်းရောင်သာ မရှိလျှင် သူနှင့်အံ့မဟော် တစ်ယောက်ကိုတစ်ယောက် လူပုံရိပ်တောင် ဖမ်းလို့ ရမည်မထင်။ မီးခလုတ်တို့ကို ဖွင့်လိုက်တော့မှ အမြင်အာရုံက ကြည်လင်သဲကွဲသွားသည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now