အပိုင်း၂၃

3.4K 417 20
                                    

ညနေသုံးနာရီထိုးတွင် တစ်ယောက်တစ်လက် ပရဟိတအဖွဲ့ဝင်တို့ ဧရာဝတီတိုင်းရှိ ဟင်္သာတမြို့သို့ ရောက်ရှိကြသည်။ မနက်ကတည်းက ခုချိန်ထိ ဘာမှသေချာ စားမထားရသေးတာကြောင့် ကားပေါ်ရှိ လူတို့မှာ ဗိုက်ဆာသဖြင့် မျက်နှာများ ရှုံ့မဲ့နေကြသည်။ သို့ပေမဲ့ လိုရာခရီးကို ရောက်ဖို့ မိုင်နှစ်ဆယ်ခန့်လောက် လိုသေးသည်။

ဝမ်းရေးကိစ္စဖြေရှင်းရန် ဦးပါရဲဟူသော ဘုရားတွင် ကားကို ခဏရပ်ကာ သူတို့အနားယူကြသည်။ ကိုကောင်းမြတ်က လင်းသန့်နှင့် အံ့မဟော်ကို ခေါ်ကာ အဖွဲ့သား အားလုံးအတွက် ဟင်္သာတထမင်းထုပ်များ ဝယ်ပြီး တစ်ယောက်လျှင် တစ်ထုပ်ကျစီ ဝေသည်။ တစ်ယောက်တစ်လက်ပရဟိတအဖွဲ့၏ ပထမဦးဆုံး ခရီးဝေးဖြစ်တာကြောင့် အရာရာဟာ အနည်းငယ်ခန့် ကသီလင်တနိုင်သည်။ ထမင်းထုပ်ကိုယ်စီစားပြီး၍ အချိန်တစ်ခုအထိ အနားယူပြီးသည့်အခါ အားလုံးကားပေါ်သို့ ပြန်တက်၍ ဟင်္သာတမြို့မှ ထွက်ခွာရသည်။

နှစ်နာရီခန့် ကားစီးပြီးသောအခါ သူတို့ဦးတည်ရာဖြစ်သည့် လေးမျက်နှာဟူသော မြို့ကလေးသို့ နောက်ဆုံးအနေဖြင့် ကားဆိုက်တော့သည်။ ရေကြီးနေသော ဧရိယာစာရင်းတွင် ပါဝင်ပေမဲ့ ဤမြို့အခြေအနေက သိပ်မဆိုးလှသေး။ လမ်းမပေါ်တွင် ရေများဖွေးဖွေးထနေသော်လည်း ကားဘီးတစ်ဝက်ခန့် နစ်မြှုပ်ရုံမို့ မြို့ထဲသို့ ဝင်လို့ရသေးသည်။

သူတို့ပရဟိတအဖွဲ့ ဤနယ်က လူတွေအား အကူအညီပေးရန် ရောက်လာသည့် အကြောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးဆီ အရင်ဆုံး အကြောင်းကြားရသည်။ ထို့နောက် နယ်ခံလူတွေ ရောက်လာကာ သူတို့အတွက် တည်းခိုရန် နေရာကို ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် အမြန်စီစဉ်ပေးကြသည်။

သို့ပေမဲ့ သူတို့်အဖွဲ့မှာ ရောက်ရောက်ချင်း မနားအားသေး။ကျယ်ဝန်းလှသော ကျောင်းမကြီးပေါ်သို့ ကားပေါ်ရှိ ပစ္စည်းတို့ကို အားလုံး ထမ်းကာ တင်ကြရသည်။

ဒီတစ်ကြိမ်တွင် အံ့မဟော်စိတ်ကောင်းဝင်နေသည် ထင်ရ၏။ ပရဟိတအဖွဲ့သားတွေနှင့်အတူ တက်ညီလက်ညီ အထုပ်ဝင်ထမ်းနေသည်။ ခန္ဓာကိုယ်က ပြည့်ပြည့်ဝဝပြန်ဖြစ်လာတာ သိပ်မကြာသေးတာမို့ လင်းသန့်မောင်စိတ်ထဲတွင် အံ့မဟော်ကို ဖြစ်ပါ့မလားဟု စိတ်ပူနေရသည်။ ဒီကို လာကတည်းက အံ့မဟော်သည် ကျန်းမာရေးမကောင်းတာကြောင့် စိတ်ပြေလက်ပျောက်အနေဖြင့် သူခေါ်လာခဲ့သည်ဟု ကိုကောင်းမြတ်ကို ကြိုတင်ပြောထားခဲ့သည်။ အပြင်ဘက်မှ အလင်းရောင် ကင်းမဲ့ချိန်၌ ပစ္စည်းအားလုံး နေရာချပြီး၍ လူတွေလည်း ခြေကုန်လက်ပန်းကျနေကြပြီ။

ရင်ကွဲငှက်ငယ်Where stories live. Discover now