အပိုင်း၂၄

3.4K 443 27
                                    

ညက တစ်ညလုံး မရပ်မနားသည်းတဲ့ မိုးကြောင့် မနက်တွင် ရေက မနေ့ကထက် အတော်တက်လာသည်။ မိုးစဲသွားသည် မှန်သော်လည်း တိမ်ညိုတိမ်လိပ်တွေက ယခုထိ ကောင်းကင်ယံတွင် ကုပ်တွဲထားဆဲ။ တဂျိန်းဂျိန်းမြည်နေသော မိုးခြိမ်းသံများက အချိန်မရွေး ထပ်ရွာနိုင်ကြောင်းကို ကြိုတင်အသိပေးနေသည့်နှယ်။

"မိုးကလည်း တိတ်မယ့် အရိပ်အယောင် မမြင်ရဘူး၊ ဒီပုံအတိုင်းဆို လွယ်ပါ့မလား"

"မနက်က အစောကြီး အိမ်က သားအဖ တာဘက်ကို ပြေးရတယ်၊ မစန်းမြင့်တို့ အနောက်ဘက်မှာ တာပေါက်လို့တဲ့၊ ဖာထေးစရာ သဲအိတ်တွေ အရံသင့် ရှိနေလို့ပေါ့၊ နို့မို့ဆို မတွေးဝံ့စရာပဲ"

"ဒီနှစ်စပါးအထွက်နှုန်းကတော့ မျှော်လင့်စရာ မရှိတော့ပါဘူး၊ ကျုပ်တို့လယ်တော့ ရိုးတစ်လျှောက် အကုန်စုန်းစုန်းမြှုပ်လို့"

"အတူတူပါပဲအေ၊ ဒီမိုးကြီး မြန်မြန်စဲပါစေလို့ ဘုရားမှာ ဆုတောင်းတယ်"

ဘုန်းကြီးကျောင်းတွင် အပူများကို ညည်းတွားနေကြသည့် အမျိုးသမီးတစ်စု။ အချင်းချင်း စကားတပြောပြောနှင့် ပရဟိတသမားများကိုလည်း ကူညီရင်း ကျောင်းဝေယျာဝေစ္စများကိုလည်း လုပ်ကိုင်နေကြသည်။

ဤမြို့အနီးတွင် ထိန်ငူအမည်ရှိသော တာ တစ်ခုရှိသည်။ တချို့က ငဝန်မြစ်ကို အစွဲပြု၍ ငဝန်တာဟု ခေါ်ဝေါ်ကြသည်။ ထိန်ငူတာသည် ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်မှ သာပေါင်းမြို့နယ်အထိ ခုနှစ်ဆယ့်သုံးမိုင်ကျော် ရှည်လျားသည်။

လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်ခန့်က ထိုထိန်ငူတာ ကျိုးခဲ့ဖူးသည်။ တာကျိုးသည့်အချိန်တွင် ပုသိမ်မြို့အပါအဝင် ဤနယ်ဝန်းကျင်ရှိ မြို့နယ်ခုနှစ်မြို့နယ်ခန့် ရေဘေးဒဏ်ကို အလူးအလဲ ခံစားခဲ့ရသည်။ ယခုအခါ ပြန်လည်ပြုပြင်ရေးများကြောင့် တာကြီးမှာ ခိုင်ခံ့နေပြီ ဖြစ်သော်လည်း မိုးကြီးမှုကြောင့် ရေများလျှံလာသည်မှာ နယ်ခံလူများ စိုးရိမ်ဖွယ်ပင်ဖြစ်သည်။

မနေ့က ဒူးမမြှုပ်သော ရေသည် သည်မနက်အရောက်တွင် ဒူးကျော်နေလေပြီ။ ထို့ကြောင့် တစ်အိမ်တက်ဆင်းလုပ်၍ စားသောက်ကုန်ပစ္စည်းများ၊ သောက်ရေသန့်များ လိုက်ဝေရန် အဆင်မပြေတော့။ ဤမြို့မှ လူတွေအား အိမ်ထောင်စု တစ်စုစာ ထောက်ပံ့ရေးပစ္စည်းတွေကို ဘုန်းကြီးကျောင်းတွင်သာ လာယူစေရသည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now