အပိုင်း၂၇

3.1K 421 27
                                    

နေဝင်ရီတရောအချိန်ဖြစ်သဖြင့် ကောင်းကင်တစ်ခွင်သည် ပုစွန်ဆီရောင်သမ်းနေကာ အနောက်အရပ်တွင် မေးတင်နေသော အနီရောင်နေမင်းကြီးသည် လောကတစ်ခွင်အား လိမ္မော်ရောင်အလင်း ကြဲဖြန့်လျက် ညနေစောင်းအလှကို ညအမှောင်မလာခင် အစွမ်းကုန်ဖော်ကျူးနေသည်။

ခပ်ကျဲကျဲ တိမ်ပါးတို့သည် လိမ္မော်ရောင်အနားကွပ်ထားသော ဇာပုဝါခြုံထားသည့် ကချေသည် မင်းသမီးနှယ် လေယူရာ ယိမ်း၍ နေ့တစ်နေ့၏ နေဝင်ချိန်ပြဇာတ်ကို ကမ္ဘာသားတို့အား ကပြဖျော်ဖြေလျက်ရှိသည်။

မိမိနေထိုင်ရာ အသိုက်အမြုံသို့ ပြန်လာနေကြသော ငှက်ငယ်များသည် အိပ်တန်းတက်တေးကို သီဆိုရင်း နေဝင်ချိန်အလှကို တစ်တပ်တစ်အား ပါဝင်အားဖြည့်နေသည့်နှယ်။ ဝီရိယတရား ရှေ့ထားသော ကုက္ကိုပင်ရှိ ကုက္ကိုရွက်များကတော့ ညနေခင်းအလှကို အရောင်အသွေးစုံလှသည့် ပန်းပွင့်ကလေးတွေနှင့်အတူ မခံစားနိုင်ရှာဘဲ အမှောင်မလာခင် စောစောစီးစီး အရွက်များကို ကုပ်၍ အိပ်ယာဝင်သွားကြလေပြီ။

နေ့တစ်နေ့၏ အစ နေထွက်ချိန်ထက် အဆုံးဖြစ်သော နေဝင်ချိန်ကို အံ့မဟော် ပို၍နှစ်ခြိုက်သည်။ မနက်ခင်းအချိန်သည် လူတို့၏ နိစ္စဓူဝကိစ္စများ အစပြုချိန်ဖြစ်သဖြင့် လှပသော်ငြား ဆူညံလှသော အသံများကြောင့် အပြည့်အဝ မသာယာနိုင်ပေ။

ညနေခင်းအချိန်ကား ဤသို့မဟုတ်။ မာန်ကင်းသည်။ တစ်နေ့တာလုံး လှုပ်ရှားရုန်းကန်ခဲ့ရသဖြင့် သက်ရှိအားလုံး ပင်ပန်းနွမ်းနယ်နေကြပြီ။ အနားယူရန် အသံကိုတိတ် အားကိုလျှော့ကာ နေထိုင်ရာရိပ်မြုံဆီသို့ ခပ်ဆိတ်ဆိတ်ပြန်ကြရသည်။

ထိုအခြေအနေကို အံ့မဟော် သဘောကျသည်။ တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်က အံ့မဟော်စိတ်ကို ရွှင်မြူးစေသည်။ ပြီးပြည့်စုံသည့် သဘာဝရဲ့အလှတရားကို ဤအချိန်လေးတွင် အပြည့်အဝ ခံစားနိုင်သည်။

မွှေးပျံ့သည့် ကော်ဖီရနံ့အစား လတ်ဆတ်သည့် မြေသင်းရနံ့ကို နှာခေါင်းဝက တောင့်တနေသလို။ စိတ်၏စေရာအတိုင်း မြေသင်းရနံ့လည်း ရှူရင်း... ခြံထဲရှိ သူကိုယ်တိုင် စိုက်ပျိုးထားသော အပင်လေးတွေပါ ပီယသောတဆင်စေရန် တယောကိုဆွဲ၍ မြက်ခင်းစိမ်းစိမ်းရှိရာသို့ လေလေးတချွန်ချွန်ဖြင့် ဆင်းခဲ့သည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now