အပိုင်း၂၈

3.1K 407 12
                                    

တိတ်ဆိတ်နေသော အခန်းတံခါးကို ဖွင့်လိုက်ပြီးနောက် အခန်းထောင့်တွင် နံရံကို မျက်နှာမူရပ်နေသည့် အံ့မဟော်ကို လင်းသန့်မောင် တွေ့လိုက်ရသည်။ ဘာကိုစိုက်ကြည့်ပြီး အာရုံလွင့်နေတာလဲမသိ။ အခန်းထဲ သူရောက်လာတာတောင် အံ့မဟော် သတိထားမိဟန်မတူပေ။

"အဟမ်း"

ချောင်းတစ်ချက် ဟန်လုပ်ဆိုးတော့မှ နောက်သို့ အံ့မဟော် လှည့်ကြည့်လာသည်။ ထို့နောက် သူရှိရာဆီသို့ ခပ်ဖြည်းဖြည်း လှမ်းလာသည်။ အံ့မဟော်၏ ခန္ဓာကိုယ် ဖယ်ကွာသွားသောအခါ နံရံတွင် ထောင်ထားသော အရွက်စိမ်းများ ခြံရံပြီး အပွင့်ဖြူတို့ ဝေနေသော စံပယ်ပင်အချို့ကို သူတွေ့လိုက်ရသည်။

"စံပယ်ပင်တွေက ဘာလုပ်မလို့လဲ... စိုက်မလို့လား"

အံ့မဟော်က မှိုင်တွေနေသော မျက်ဝန်းညိုတို့ဖြင့် စံပယ်ပင်တွေကို ခပ်ဆွေးဆွေး ကြည့်ရင်း...

"စိုက်လို့ မရတော့ဘူး.. သူတို့အမြစ်တွေက ဟိုးမြေအောက်မှာ ကျန်ခဲ့ပြီ"

ပုံမှန်မဟုတ်သော လေသံကို သတိထားမိသော်လည်း အံ့မဟော်ခေါင်းပေါ်မှ တိုကပ်နေသော ဆံပင်ပုံစံကြောင့် သူ့မေးခွန်းတွေ၏ ဦးတည်ရာက ပြောင်းလဲသွားသည်။

"မင်း ဆံပင်ညှပ်ထားတာလား၊ အခုမှပဲ လူကောင်းသူကောင်းရုပ် ပေါက်သွားတော့တယ်"

လင်းသန့်မောင် ပြောရင်းဆိုရင်း အံ့မဟော်၏ ဆံပင်တိုတိုထဲသို့ လက်ထိုးကာ ဖွလိုက်သည်။ ဒီတစ်ကြိမ်တော့ အံ့မဟော်က သူ့အား စိတ်ဆိုးဟန်မပြတော့။

"ခင်ဗျားကလေ အပေါ်ယံအရေပြားတစ်ထောက်ကို အတော်အလေးထားတဲ့လူပဲ၊ လူတစ်ယောက် ကောင်းမကောင်းဆိုတာ သူ့ရဲ့ပုံပန်းသွင်ပြင်ကို ကြည့်ပြီး ကောက်ချက်ချရလို့စတမ်းလား"

"အပြည့်အဝမဟုတ်ပေမဲ့ အနည်းအကျဉ်းတော့ ဟုတ်နေတာပဲလေ၊ first impression ဆိုတဲ့စကားက အလကားမှ မဟုတ်တာ၊ လူတစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံမှုမှာ သပ်ရပ်တဲ့ ပုံပန်းသွင်ပြင်ဆိုတာက အရေးကြီးတဲ့ အစိတ်အပိုင်းအနေနဲ့ ပါဝင်တယ်၊ အဲ့တာကို ငါတို့လစ်လျူရှူထားလို့ မရဘူး"

ရင်ကွဲငှက်ငယ်Where stories live. Discover now