အပိုင်း၃၀

3.2K 401 19
                                    

ခြေလှမ်းတွေဟာ ပေါ့ပါးလို့နေသည်။ သူ့နှုတ်ခမ်းထက်မှာလည်း ခပ်ပါးပါး အပြုံးတစ်ခုကို ချိတ်ဆွဲလို့။

အရိုးပြိုင်းပြိုင်းကျနေသော ကုက္ကိုပင်အိုကြီးပေါ်ရှိ ဥဩငှက်ကလေး၏ တကူးကူးအော်သံနှင့်အတူ အံ့မဟော်သည် လေချွန်သံတိုးတိုးကို တစ်ကိုယ်တည်းကြားရုံမျှ အပြိုင်ထုတ်လွှတ်လျက်ရှိသည်။

နွေလေရူး၏ ကျီစယ်မှုကြောင့် ခပ်တိုတို ဆံနွယ်တစ်ချို့ လေပူပူထဲတွင် လွင့်ဝဲသွားသည်။ ပူပြင်းလှတဲ့ နေမင်းအရှိန်ကို သည်တစ်ခါ သူ အပြစ်မမြင်မိ။ အကြောင်းကား  စာမေးပွဲပြီးဆုံးသွားပြီ ဖြစ်သဖြင့် တစ်နှစ်တစ်ခေါက် အလည်ရောက်ရသော ကျောင်းတော်ကြီးကို အပြီးကျောခိုင်းကာ စိန်ပန်းနီနီတွေကြားထဲမှာ အံ့မဟော်တစ်ယောက် လွတ်လပ်မြူးထူးနေသောကြောင့်ပင်။

လည်ပင်းအထိ အပြည့်အစုံတပ်ထားသော လည်ကတုံးအင်္ကျီအဖြူ၏ ကြယ်သီးအချို့ကို ဖြုတ်လိုက်ကာ ကားထဲသို့ ဝင်ထိုင်လိုက်သည်နှင့် အသင့်စောင့်နေသော ဦးဘမောင်က စတင်မောင်းထွက်တော့သည်။

ဆက်ရန်မရှိတော့သော အတိတ်စာမျက်နှာတွင် ကျန်ခဲ့မည့် ကျောင်းကြီးကို နောက်ဆုံးအနေဖြင့် ကားပေါ်မှ တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့အနာဂတ်ရဲ့ ဦးတည်ရာသည် တစ်စုံတစ်ယောက်ဆီသို့ ...

°°°°°°°

ဘဝတွင် မိမိဘက်မှစ၍ တစ်စုံတစ်ယောက်ကို ပထမဆုံး ဆက်သွယ်မိခြင်း။ တတူတူမြည်နေသော ဖုန်းခေါ်သံကို အခါခါ အကျော့ကျော့ ကြားနေရသော်လည်း တစ်ဖက်မှ ထိုလူသားအပေါ်တွင် ဖုန်းမကိုင်ရကောင်းလားဟူ၍ စိတ်မရှည်ခြင်းတို့ မဖြစ်ပေါ်မိ။

အချိန်အတော်ကြာ ခေါ်နေသော်လည်း ရလဒ်က ထူးမလာသည်မို့ နောက်ဆုံး လက်လျှော့လိုက်ကာ စာတစ်စောင် ပို့ထားလိုက်သည်။

တစ်မနက်လုံး စိတ်ကျဉ်းကြပ်မှုကို ပေးနေသည့် အဖြူအစိမ်းဝတ်စုံအား ချွတ်လိုက်ကာ ပေါ့ပါးလွတ်လပ်စေမည့် တီရှပ်တစ်ထည်နှင့် ဘောင်းဘီတိုတစ်ထည်ကို ပြောင်းလဲဝတ်ဆင်ပြီး အောက်သို့ ဆင်းခဲ့သည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now