Flight နှင့် မသွားဘဲ Bus နှင့်သာ သွားကြမည်ဟု အားလုံးက အဆိုပြုလာသဖြင့် လင်းသန့်တို့အုပ်စု အဝေးပြေးကားဂိတ်သို့ ရောက်ရှိနေကြသည်။
ညနေစောင်းအချိန်မို့ အပူရှိန်လျော့တာက တစ်ကြောင်း၊ ခရီးဝေးသွားရမည် ဖြစ်တာက တစ်ကြောင်းရယ်ကြောင့် အားလုံး အနွေးထည်ကိုယ်စီနှင့် ဖြစ်ကြသည်။ နှစ်ညအိပ်သုံးရက်ခရီးသာ သွားမည်ဖြစ်၍ အထုတ်အပိုးက သူတို့တွင် များများစားစားမပါကြပေ။ ကျောပိုးအိတ်ကိုယ်စီနှင့် အားလုံးပေါ့ပေါ့ပါးပါးပင်။
ညနေငါးနာရီတွင် သူတို့စီးမည့် ရွှေမန္တလာခရီးသည်တင်ကားက မြိတ်မြို့သို့ စထွက်တော့မည်ဖြစ်သည်။ သို့သော် လေးနာရီခွဲကျော်သည်အထိ ထွဋ်ခေါင်တစ်ယောက် ရောက်မလာသေး။ နာရီကို ကြည့်ရင်း ပေါ်မလာသူ ကိုယ်တော်ချောအား သူတို့အားလုံး လည်တဆန့်ဆန့်နှင့် စောင့်မျှော်နေကြရသည်။
"အံ့မဟော်... စာမေးပွဲအောင်ရင် ဘာတက်မယ် စိတ်ကူးထားလဲ"
လင်းသန့်မောင်တစ်ယောက် စောင့်နေရတာ ပျင်းပျင်းရှိတာကြောင့် ဘေးမှာ ထိုင်နေသည့် အံ့မဟော်ကို စကားစလိုက်သည်။
"ဟင့်အင်း... စိတ်ကူးမရှိဘူး"
"စာမေးပွဲရော အောင်မယ်ထင်လား"
"ထင်တာပဲ"
"ဒါဆို မင်းမှာ အနာဂတ်အတွက် ကိုယ်ဘာဖြစ်ချင်တယ်ဆိုတဲ့ ရည်မှန်းချက်မရှိဘူးလား"
"ကျွန်တော်က ဒီအတိုင်း လွတ်လွတ်လပ်လပ် ပျံသန်းချင်တာ၊ အဆုံးမရှိတဲ့ မိုးကုပ်စက်ဝိုင်းအောက်မှာ ပျော်ရွှင်မှုကို ရှာဖွေနေတဲ့ ငှက်ကလေးတစ်ကောင်အဖြစ်ပေါ့"
ခပ်ဆန်းဆန်း စကားကြောင့် လင်းသန့် အံ့မဟော်ကို စောင်းငဲ့ကြည့်လိုက်သည်။
မျက်နှာချောချောဟာ အာကာပြင်ဆီသို့ ရှေးရှူလို့ရယ် ခြေထောက်တစ်ဖက်က မြေပြင်ပေါ်သို့ ထိုးဆွနေပြီး အံ့မဟော်၏ အသွင်သဏ္ဌာန်သည် နှုတ်မှ စကားအတိုင်း ကောင်းကင်ဆီသို့ ချီတက်တော့မည့် ငှက်ကလေးတစ်ကောင်သဖွယ်။
"ငှက်ဖြစ်ချင်တယ်"
အံ့မဟော်က ခေါင်းညိတ်ပြသည်။