အပိုင်း၃၄

2.9K 380 25
                                    

    စိမ်းညို့နေသော တောင်တန်းများက လွမ်းမောရီဝေဖွယ်။ မနက်ခင်း၏ ဝေလီဝေလင်းအချိန်က ပတ်ဝန်းကျင်အား မြူအနည်းခန့် ရစ်သိုင်းစေသည်။ အရှေ့အရပ်သို့ ရှေးရှူလျှင် တောတောင်ရေမြေအလှကို ခံစားနိုင်ပြီး အနောက်အရပ်သို့ စောင်းငဲ့လျှင် ပင်လယ်ကျွန်းစုများကို မြင်တွေ့နိုင်သည်။
    
    မော်သာယာတောင်ထိပ်ရှူခင်းသည် အလွန့်ကို လှပသည်။ တောင်ပေါ်သို့ ရောက်ရောက်ချင်း P A L A W ဟူသော အနီရောင်စာတန်းကြီးက ခန့်ညားထည်ဝါစွာ ကြိုဆိုနေ၏။ တောင်ပေါ်မှ စီး၍ မြင်တွေ့ရသော ပုလောမြို့၏ ရှူခင်းသည် ရင်သပ်ရှူမောဖွယ်ပင်။ တောင်တန်းနှင့် ပင်လယ်ကြားက အဖိုးတန်သည့် မြို့အလှဟု တင်စားနိုင်လောက်သည်။
    
    မနက်စောစော ခြေလျင်တောင်တက်ခရီးသည် အလွန်ပျော်ရွှင်ဖွယ် ကောင်းလှသည်။ လူငယ်တွေဖြစ်၍ တက်ကြွလန်းဆန်းစွာ အချင်းချင်း စနောက်ရင်း၊ ကူညီတွဲခေါ်ရင်း မမောနိုင် မပမ်းနိုင် တက်ခဲ့ကြသည်။ ကျေးငှက်သာရကာတို့၏ ကျီကျီကျာကျာအသံများက မနက်ခင်း၏ တေးသွားအလား နှုတ်ဆက်မင်္ဂလာပြုနေသည့်နှယ်။
    
    တောင်ပေါ်တွင် သဘာဝအလှကို ခံစားရင်း အနားယူ အမောဖြေပြီးသည့်နောက် ခဏအကြာ အရှေ့အရပ်ရှိ တောင်တန်းများဆီမှ နေဝန်းနီနီ ပြူထွက်လာသည်။ မြကဗ္ဗလာ ခြုံထားသော တောင်ပေါ်မြေဆီသို့ ရွှေဝါရောင် အလင်းလွှာက ဖြည်းဖြည်းချင်း ညင်သာစွာ ဖြန့်ကျက်အုပ်ဆိုင်းလာ၏။
    
    နေခြည်နုနု၏ နွေးထွေးသော အထိအတွေ့က အံ့မဟော်ကိုယ်ပေါ်သို့လည်း ရိုက်ခတ်လွှမ်းခြုံလာသည်။ ဆူဆူညံညံ စကားသံတွေနှင့် လူအုပ်အား ခေတ္တဖယ်ခွာကာ ခပ်လှမ်းလှမ်း တောင်ထိပ်နားတွင် တစ်ယောက်တည်း ရပ်နေမိသည်။ သဘာဝ၏ သာယာလှသည့် မနက်ခင်းအား သီးသန့်ခံစားနေခိုက်...
    
    တောင်တက်ခြင်းသည် နှလုံးရောဂါ ဖြစ်နိုင်ချေအား လျှော့ချပေး၍ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေသည်ဟု ဆိုသည်။ ထိုအဆိုသည် တစ်စုံတစ်ယောက်၏ ပယောဂကြောင့် အံ့မဟော်အတွက် မှန်ကန်ခြင်း ရှိတော့မည်မထင်။
    
    မိမိနံဘေးတွင် ယှဉ်၍ ရပ်လာပါသော ကိုလင်း...
    
    အားကစားဘောင်းဘီအိတ်ထဲသို့ လက်နှစ်ဖက်ကို ထည့်ကာ နေမင်းကြီးအား ရှေးရှူ၍ ပြုံးနေသည်။
    
    သဘာဝတရား၏ အလှအပကို အံ့မဟော် မေ့လျော့သွားလေသည်။ နံဘေးတွင် ရှိသော သက်ရှိလောက် မည်သည့်တရားကမှ မက်မောချင်စရာ မကောင်းတော့ပေ။
    
    ပြည့်စုံခြင်းဆိုသည် ဤအရာပေလော။
    
    အေးချမ်းသည့် ကမ္ဘာကြီး၏ အလှအပကို ထိုလူ့အပြုံးတွေအား သောက်သုံးရင်း ငေးမောခံစားရခြင်းတဲ့။
    
    ဒီလိုသာဆို ကော်ဖီတစ်ခွက် အဘယ်မှာ လိုတော့မလဲ။ စီးကရက်တွေကိုလည်း ချောင်မှာ ထိုးထားရဲသည်။ ထိုလူသား၏ အပြုံးတွေသာ ဘေးမှာရှိမယ်ဆိုရင်လေ... အကယ်၍... အကယ်၍ပေါ့။
    
    နေထွက်ချိန်မှာတောင် ဒီလောက်ပြည့်စုံနေတာ...
    
    သူသဘောကျတဲ့ နေဝင်ချိန်ဆိုရင်လေ... ဘယ်လောက်တောင်များ။
    
    °°°°°°°
    
    "အံ့မဟော်... မသွားပါနဲ့တော့ကွာ၊ အကုန်လုံးလည်း ခြေကုန်လက်ပန်းကျနေကြပြီ၊ ခုနကမှ ကျောက်ဆည်က ပြန်ရောက်လာတာ၊ မနက်စောစောကလည်း တောင်တက်ထားသေးတယ်၊ အခုထပ်ပြီး နောက်တစ်တောင် တက်ဦးမလို့လား"
    
    "အင်းလေ... ကားနဲ့ တက်မှာပဲ ခြေညောင်းစရာမှ မလိုတာ"
    
    "နေတောင်စောင်းနေပြီလေကွာ... မနက်ရောက်ရင် ပြန်ကြမယ့်ဟာ စောစောအိပ်မှ ဖြစ်မှာပေါ့"
    
    "ကိုလင်းမလိုက်ချင်ရင်လည်း နေခဲ့၊ ကျွန်တော်ကတော့ မပြန်ခင် နေဝင်ချိန်ကို တောင်ပေါ်ကနေ ကြည့်ရမှဖြစ်မယ်"
    
    "မင်းတစ်ယောက်တည်း လွှတ်လို့ဖြစ်မလားကွ၊ တားလို့လည်း မရပါ့လားကွာ... မင်းကလေ တော်တော်ခေါင်းမာတဲ့ကောင်"
    
    လင်းသန့်မောင် ညည်းညည်းညူညူပြောတော့ မျက်နှာကို ရှုံ့၍ တစ်ဘက်လှည့်သွားသည်။
    
    မနက်လင်းရင် ရန်ကုန်ပြန်ဖို့ အားလုံးစီစဉ်ပြီးနေသည်ကို အံ့မဟော်က ထဖောက်သည်။ မော်သာယာတောင်သို့ မနက်က အားလုံးအတူတက်ခဲ့ကြသည်။ ပုလောတွင် မော်သာယာတောင်အပြင် နာမည်ကြီးတောင်တစ်ခုရှိသေးသည်။ ထိုတောင်ကား ကမ္ဘာလှတောင်ပါဒစက်တော်ရာဘုရားရှိရာ ကမ္ဘာလှတောင် ဖြစ်သည်။
    
    အံ့မဟော်သည် ထိုတောင်မှ မတက်ရသေးလျှင် မပြန်ဟု ဂျစ်တိုက်သည်။ ထိုသို့ဂျစ်တိုက်ရသည်မှာလည်း အကြောင်းအရင်းရှိသည်။ ကြိုးတံတားမှအပြန် လမ်းတွင် ကိုကျော်ကျော်အောင်က သူတို့အား တစ်ရက်ထပ်နေရန် တားမြစ်သည်။ လည်စရာနေရာတွေ ကျန်သေးသည်ဟု ဆို၏။ ထိုနေရာတွေထဲကမှ ကမ္ဘာလှတောင်အား အံ့မဟော်သည် စိတ်အဝင်စားကြီး ဝင်စားသွားတော့သည်။
    
    တစ်စုံတစ်ခုကို စိတ်ဝင်စားမိလျှင် အစွဲအလမ်းကြီးတတ်သည့် အံ့မဟော်အကျင့်ကို သူကောင်းကောင်းသိသည်။ အကယ်၍ ထိုတောင်မှ မတက်ရလျှင် စကားအတိုင်း တကယ်မပြန်ဘဲ ပေကပ်ကျန်ခဲ့မှ သူ့ဒုက္ခပဲ ဖြစ်ပေမည်။ ကျန်တဲ့လူအားလုံးကလည်း ပင်ပန်းနေပြီမို့ တောင်ပေါ်သို့ တက်ရန် စိတ်မဝင်စားကြတော့ပေ။
    
    ရွေးချယ်စရာ မရှိတော့။ အံ့မဟော်နှင့်အတူ သူပါလိုက်ရန် ဆုံးဖြတ်ရတော့သည်။
    
    "ကဲ... ပြီးရောကွာ... အဲ့လောက်သွားချင်နေလည်း သွားမယ်၊ ခဏစောင့်နေဦး ကျန်တဲ့လူတွေကို သွားပြောလိုက်ဦးမယ်"
    
    ကိုကျော်ကျော်အောင်ကတော့ သူပါ လိုက်ပို့မည်ဟု ဆိုသည်။ သို့ပေမဲ့ တစ်နေ့လုံး သူတို့အဖွဲ့အား နေရာအနှံ့ ပို့ရတာကြောင့် မနားရသေးသဖြင့် အားနာမိသည်။ လူငယ်တွေဖြစ်သည့် သူတို့တောင် ပင်ပန်းနေလျှင် ကိုကျော်ကျော်အောင်လို လူလတ်ပိုင်းအရွယ်ဆိုလျှင် အနားယူချင်မည်မှာ အမှန်ပင်။ ထို့ကြောင့် ကားနှင့်တက်၍ ဘုရားဖူးပြီးတာနှင့် ပြန်ဆင်းခဲ့မည်ဟု ပြောကာ ထားခဲ့ရသည်။
    
    သူငယ်ချင်းများကတော့ ပြောစရာမလိုပေ။ လက်တခါခါ ခေါင်းတခါခါနှင့် မလိုက်နိုင်တော့ကြောင်းကို အပီအပြင် ငြင်းကြသည်။
    
    ဤသို့ဖြင့် ကမ္ဘာလှတောင်ဆီသို့ အံ့မဟော်နှင့်အတူ နေဝင်ကာနီးအချိန်တွင် ရောက်ရှိခဲ့ရတော့သည်။
    
    လုပ်ချင်တာကို လုပ်ရလို့ ထင်သည်။ အံ့မဟော်၏ ခြေလှမ်းများက တက်ကြွနေသည်။ လက်ထဲတွင်လည်း တယောအိတ်ကို ဆွဲလို့ရယ်။
    
    တယောတီးတတ်သည်ဟု အံ့မဟော် ပြောလာတုန်းက သူမယုံကြည်။ တယောအိတ်ကို မြင်တော့မှ တကယ်ပါလားဟု အံ့ဩရသည်။ တောင်ပေါ်သို့ လာရသည့် အကြောင်းအရင်းက တယောတီးချင်လို့သတဲ့။
    
    "ဘုရားအရင်ဖူးကြမယ်"
    
    "အင်း... ဖူးလေ"
    
    ပါဒစက်တော်ရာ ဘုရားအား ဖူးမြော်ပြီးသည့်နောက် နှစ်ယောက်သား ဘုရားပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ကြသည်။
    
    "အံ့မဟော်"
    
    "အင်း..."
    
    "ခုနက ဘုရားကို ဖူးမြော်လိုက်တဲ့ အချိန်မှာ မင်းဘယ်လိုခံစားရလဲ"
    
    သူ့အမေးစကားကြောင့် အံ့မဟော်၏ ခြေလှမ်းများ နှေးသွားသည်။ အရှိန်လျော့သွားသော အံ့မဟော်၏ ခြေလှမ်းများနှင့်အတူ  သူပါ လိုက်လျောညီထွေ လျှောက်မိသည်။
    
    "ဘယ်လိုခံစားရမှာလဲ... ဒီလိုပါပဲ"
    
    "မင်းရဲ့ မှတ်ပုံတင်ထဲမှာ ဘယ်ဘာသာကို ကိုးကွယ်တယ်လို့ ရေးထားသလဲ"
    
    "သေချာပေါက် ဗုဒ္ဓဘာသာပေါ့... မိရိုးဖလာပဲလေ"
    
    "အဲဒီမိရိုးဖလာကနေ အစစ်အမှန်ဖြစ်အောင်  ကြိုးစားကြည့်ဖူးလား"
    
    "ဘာလဲ... တရားဟောတော့မလို့လား ကိုလင်း"
    
    အံ့မဟော်က သူ့စကားအသွားအလာကို ကြည့်၍ ယဉ်ပါးသလို မေးလာသည်။
    
    "တရားဟောရအောင် ငါက သံဃာမှမဟုတ်ဘဲ၊ ဒီလိုပဲ မင်းကို ပြောပြချင်တာလေးရှိလို့"
    
    "ကဲ... ပြောပါခင်ဗျာ၊ ကျွန်တော် ကိုလင်းရဲ့ စကားကို နားထောင်နေပါတယ်ဗျ"
    
    အံ့မဟော်၏ ထူးဆန်းသော အမူအယာကြောင့် လမ်းလျှောက်နေရာမှ ခဏခြေစုံရပ်မိသွားသည်။ အံ့မဟော်တွင်လည်း ကလေးဆန်တဲ့ အကျင့်မျိုး ရှိတတ်သည်လား။ မြင်လိုက်ရသည့် ပုံစံလေးနှင့် ကြားလိုက်ရသည့် အသံလေးသည် ပုံမှန်တွေ့နေကျ အရွဲ့တိုက်ခြင်းမျိုးနှင့်မတူ။ ဘာရယ်မဟုတ် နားဝင်ချိုလှသည့် ထိုအပြောလေးနောက်တွင် သူပြုံးမိသွားသည်။
    
    "မပြောခင် မေးချင်တာလေး ရှိတယ်၊ ဘာသာမဲ့ဆိုတာကို မင်းဘယ်လို နားလည်သလဲ"
    
    "ဘာသာမဲ့... အင်း... ဘာသာမဲ့ဆိုတာ ဘယ်ဘုရား ဘယ်ဘာသာကိုမှ ကိုးကွယ်ခြင်း မရှိတဲ့သူပေါ့"
    
    "မင်းကရော... ဘာသာမဲ့လား"
    
    "ကျွန်တော်လား... ကျွန်တော်ကတော့ ကျွန်တော့်ကိုယ်ကျွန်တော်ပဲ ကိုးကွယ်တယ်"
    
    "ဒါဆို မင်းကိုယ်မင်း ဘာသာမဲ့လို့ ခံယူထားတယ်ပေါ့"
    
    "မပြောတတ်ဘူးလေ... ဟုတ်ရင်လည်း ဟုတ်မှာပေါ့"
    
    "ဘာသာမဲ့နဲ့ ဆင်တူယိုးမှား ဖြစ်စေတဲ့ စကားလုံးတစ်ခု ရှိတယ်၊ အဲ့တာဘာလဲသိလား အံမဟော်"
    
    အံ့မဟော်က ပြောပါဦးဆိုသော ပုံစံဖြင့် မျက်ခုံးပင့်ပြသည်။
    
    "ဘာသာမေ့တဲ့...၊ ဘာသာမဲ့နဲ့ စကားလုံးချင်း ဆင်ပေမဲ့ အဓိပ္ပါယ်ချင်း ခြားနားတယ်၊ အခုနောက်ပိုင်းလူငယ်တွေက ကိုယ့်ကိုယ်ကို ဘာသာမဲ့လား ဘာသာမေ့လား မသဲကွဲကြဘူး၊ ဘာသာမဲ့လို့ ခံယူလိုက်ရင် cool ဖြစ်တယ် ထူးခြားတယ်လို့ တလွဲတွေးနေကြတယ်"
    
    "ဟေ့လူ... ကျွန်တော့်ကတော့ အဲ့လိုအတွေးမျိုး တစ်ခါမှ မတွေးဖူးဘူးနော်"
    
    "ဟုတ်ပါပြီ... အဲ့လိုအတွေးမျိုး မရှိတာ သိပ်ကောင်းတာပေါ့"
    
    လင်းသန့်မောင်က စကားဆက်သည်။
    
    "လူဆိုတဲ့အမျိုးက လွတ်လပ်ခြင်းကို သိပ်မြတ်နိုးကြတယ်၊ စည်းတွေဘောင်တွေကို မကြိုက်ကြဘူး၊ ဘာသာတရားတွေမှာ လိုက်နာကျင့့်ကြံရမယ့် စည်းတွေဘောင်တွေက သူတို့အတွက် ကျဉ်းကြပ်စေတယ်၊ အဲ့တော့ ရုန်းထွက်တယ်၊ ဘယ်လိုရုန်းထွက်သလဲဆိုတော့ ဘာသာမဲ့အဖြစ် ကိုယ့်ကိုယ်ကို ခံယူပစ်လိုက်တယ်၊ အဲ့လိုလူတွေက ဘာသာတရားတွေရဲ့ အနှစ်သာရတွေကို လေ့လာခြင်းမရှိလို့ ဘာမှမသိကြရှာဘူး၊ ဘယ်သိပါ့မလဲ... သူတို့က လွတ်လပ်ချင်လို့ ဘာသာမဲ့အဖြစ် ခံယူလိုက်တာလေ၊ အဲ့လိုလူတွေကို ငါကတော့ ဘာသာမဲ့လို့ ခံယူထားတဲ့ ဘာသာမေ့တွေလို့ သမုတ်တယ်၊ ဘာသာမဲ့ဆိုတာ ဘာသာတရားတွေရဲ့ အကြောင်းကို သေသေချာချာ လေ့လာပြီးမှ ယုံကြည်ခြင်းမရှိလို့ မကိုးကွယ်တဲ့ သူတွေကို ခေါ်တယ်၊ ဘာသာမဲ့ဟာ ဘာသာတစ်ခု ဖြစ်မနေဖို့ အရေးကြီးတယ်၊ မင်းကရော ဘာသာမဲ့လား ဘာသာမေ့လား"
    
    "ဟားဟား... ကိုလင်းကတော့ဗျာ... ကျွန်တော့်ကို တည့်တည့်ထိအောင် ပစ်နေတာပဲမလား၊ ဘာလို့ တီဗီကြော်ငြာထဲကလို ထိပြီလား ထိပြီလားလို့ မေးနေတာလဲ"
    
    ယခုအချိန်တွင် အင်မတန်မှ စိတ်ကြည်လင်နေသဖြင့် ကိုလင်းနှင့် အတိုက်အခံမငြင်းချင်တာကြောင့် အလိုက်သင့်နေဖို့သာ အံ့မဟော် ဆုံးဖြတ်ထားသည်။ ပုံမှန်အတိုင်းသာဆိုလျှင် ဘာသာမဲ့ဖြစ်ဖို့အရေး သမိုင်းပေးတာဝန်အရ ဘာသာတိုင်းကို မဖြစ်မနေလေ့လာနေရမှာလားဟု ခပ်ရွတ်ရွတ် ပြန်မေးမိမှာပင်။
    
    လင်းသန့်မောင်က အံ့မဟော်တစ်ယောက် ကိုယ့်အတွေးနှင့်ကိုယ်ရယ်နေသည်ကို ပြုံးကြည့်နေသည်။
    
    "မြတ်စွာဘုရားဟောခဲ့တဲ့ မိမိကိုသာ ကိုးကွယ်ရာဆိုတဲ့ စကားက ကိုယ်တိုင်ကြိုးစားအားထုတ်ပါလို့ ဆိုလိုတာ... ဘာမှကြိုးစားအားထုတ်ခြင်းမရှိဘဲ မိမိကိုယ်သာ ကိုးကွယ်ရာလို့ ထိုင်အော်နေရုံနဲ့ ဘာမှသိလာမှာ မဟုတ်ဘူး... နားလည်လား ကောင်လေး"
    
    "ဟေ့လူ ဟေ့လူ... ကောင်လေးလို့ မခေါ်နဲ့နော်၊ ခင်ဗျားနဲ့ကျွန်တော် အသက်ဘယ်လောက်မှ ကွာတာမဟုတ်ဘူး"
    
    နှစ်ဦးသား စကားတပြောပြောနှင့် ပြုံးရင်းရယ်ရင်း ဘုရားမှ ခွာကြသည်။ ကောင်းကင်ပေါ်မှ နေမင်းကြီးလည်း အနောက်အရပ်သို့ မေးတင်စပြုနေလေပြီ။
    
    အလှူခံဌာနတွင် အလှူခံထည့်မည်ဟု ရည်ရွယ်ပြီးကာမှ လင်းသန့်မောင်သည် ပိုက်ဆံပါမလာကြောင်းကို သတိရသည်။ ထို့ကြောင့် အံ့မဟော်၏ အလှူငွေဖြင့်သာ စာရွက်တစ်ရွက်တည်း၌ နှစ်ဦးစလုံး၏ နာမည်ဖြင့် လှူဒါန်းခဲ့ကြသေးသည်။
    
    မောင်လင်းသန့်မောင် + မောင်အံ့မဟော် ဟူသော အလှူခံဖြတ်ပိုင်းလေးကြောင့် နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မိကြသေးသည်။ ဂေါပကလူကြီးကတော့ ရေးနေကျအတိုင်း ရိုးသားစွာ ရေးပေးလိုက်ခြင်းပင်။ သို့ပေမဲ့ ကာယကံရှင်နှစ်ဦးကတော့ ...။
    
    "မင်းကို ငါ ရန်ကုန်ပြန်ရောက်ရင် စာအုပ်တွေ ငှါးမယ်၊ မင်းကိုယ်တိုင် ကြိုးစားအားထုတ်ကြည့်ပေါ့ကွာ"
    
    "ဟုတ်ပါပြီ ကိုလင်းရာ ဟုတ်ပါပြီ... ကျွန်တော်လည်း ကြာရင် ခင်ဗျားကောင်းမှုနဲ့ ထွက်ရတောင် ပေါက်မလားမသိဘူး"
    
    ဒီတစ်ကြိမ် ရယ်ရသူကတော့ လင်းသန့်မောင်ပင်။
    
    "ကိုလင်း... ခဏ"
    
    တောင်ထိပ်မြင့်မြင့်နေရာသို့ အသွား အံ့မဟော်၏ ခေါ်သံကြောင့် လင်းသန့်မောင် ခြေလှမ်းတို့အား ရပ်လိုက်သည်။
    
    "ပြောလေ..."
    
    "ဓာတ်ပုံရိုက်မလို့... အာ ဖုန်းကျန်ခဲ့တယ်"
    
    "ငါလည်း မပါဘူး... မရိုက်နဲ့တော့၊ ဟိုးနားက လူတွေအနားကို သွားရအောင်... view ကောင်းကောင်း ကြည့်လို့ရလောက်တယ်"
    
    "ခဏနေဦး... ကျွန်တော့်ဘက်ကိုလှည့်"
    
    ရှေ့သို့ သွားရန် ဟန်ပြင်လိုက်သော လင်းသန့်မောင်အား အံ့မဟော်က တားကာ ပခုံးနှစ်ဖက်ကို သူ့ဘက်သို့ ဆွဲလှည့်လိုက်သည်။
    
    "ခဏလေး အဲ့အတိုင်း ရပ်နေ"
    
    လင်းသန့်မောင်က ဘာလဲဟူ၍ ကြောင်တောင်တောင်နှင့် ကြည့်နေခိုက် အံ့မဟော်သည် နောက်သို့ ခြေလှမ်းအနည်းခန့် ဆုတ်ကာ အကွာအဝေးတစ်ခုတွင် ခြေစုံရပ်၍ သူ့အား ပြုံးကြည့်နေသည်။ ထို့နောက် အချိန်ခဏကြာပြီးသည့်အခါ လင်းသန့်မောင်ဆီသို့ အပြေးပြန်လာသည်။
    
    "ဘာလုပ်တာလဲ"
    
    "ဓာတ်ပုံရိုက်တာလေ ခင်ဗျားကို"
    
    "ကင်မရာလည်း မပါဘဲ ဘယ်လိုရိုက်တာလဲ"
    
    "မျက်လုံးနဲ့ ရိုက်လိုက်တာလေဗျာ... မျက်လုံးကင်မရာနဲ့ ဦးဏှောက်ဖလင်ကိုသုံးပြီး ခင်ဗျားပုံကို နှလုံးသားထဲမှာ သိမ်းလိုက်ပြီ"
    
    အံ့မဟော်၏ စကားတွင် လင်းသန့်မောင်စိတ်ထဲတွင် ထူးဆန်းသော ခံစားမှုလှိုင်းကလေး ဖြတ်သန်းသွားသည်။ ထိုအချိန်တွင်ရော သူပြုံးနေမိသလား မပြောတတ်။
    
    "ကြောင်တောင်တောင်နဲ့"
    
    အံ့မဟော်ကတော့ တဟားဟားရယ်ရင်း ရှေ့မှ ထွက်သွားလေသည်။ သူကတော့ နောက်မှ ခပ်ဖြေးဖြေးလျှောက်ရင်း အံ့မဟော်ရပ်နေသည့် ဘေးနေရာတွင် ရပ်လိုက်သည်။
    
    သူတို့နှစ်ယောက်အနီးတွင် တခြားလူများလည်း ရှိကြသည်။ ပုလောနယ်ခံတွေလား၊ သူတို့လို ဧည့်သည်တွေပဲလား မပြောတတ်။ ထိုသူတွေလည်း သူတို့နှစ်ဦးလို နေဝင်ချိန်ဆည်းဆာအလှကို ခံစားရန် ရောက်နေကြခြင်း ဖြစ်ပေမည်။
    
    "လှလိုက်တာ..."
    
    အံ့မဟော်၏ ခပ်တိုးတိုးရေရွတ်သံ။
    
    "အင်း လှတယ်"
    
    ဆည်းဆာရောင်နီအောက်တွင် ပျော်ရွှင်ရိပ်သန်းနေသာ ငှက်ကလေး၏ မျက်နှာနုနုအား ကြည့်ကာ သူလည်း ထောက်ခံသလို ပြောမိသည်။ ဤတစ်ကြိမ်တွင်တော့ သေချာပေါက် သူပြုံးနေမိသည်။
    
    အံ့မဟော်သည် လက်ထဲမှ အိတ်အား မြေပြင်သို့ ချကာ တယောကို ထုတ်ယူလိုက်သည်။ ထို့နောက် ခပ်လှမ်းလှမ်းတစ်နေရာသို့ သွား၍ ပခုံးပေါ်တွင် တယောအား တင်ကာ နူးညံ့ဆွေးမြေ့ဖွယ် တေးသွားတစ်ခုကို စတင်တီးခတ်တော့သည်။
    
    တေးသွားအစပိုင်းတွင် အံ့မဟော်၏ မျက်ဝန်းတို့ ပွင့်ဟနေသည်။ တဖြည်းဖြည်း စီးမျောလာသည့် အချိန်တွင် မျက်ခွံနှစ်လွှာသည် မျက်ဝန်းညိုတို့ပေါ်၌ ကန့်လန့်ကာချ မီးမှိတ်လိုက်သည်။
    
    အံ့မဟော်၏ သံစဉ်တစ်လျှောက် ကိုယ်တိုင်အပါအဝင် သက်ရှိအားလုံးသာမက သဘာဝတရားကြီးပါ စီးမျောနေသည်ဟု လင်းသန့်မောင် ထင်မိသည်။ သူသည် အံ့မဟော်၏ လက်ဖျားလေး လှုပ်ခတ်တာမှအစ လေအဝေ့ကြောင့် ဆံချည်မျှင်တို့ လှုပ်ရှားသွားသည်အဆုံး မျက်တောင်မခတ်စတမ်း ကြည့်နေမိသည်။
    
    ရဲရဲနီနေသော နေလုံးကြီးဆီမှ ပုစွန်ဆီရောင်အလင်းသည် အံ့မဟော်၏ ဖြူနုသော အသားအရည်တွင် ရောင်ပြန်ဟပ်နေသည်။ တောင်အောက် ဟိုးအဝေးပင်လယ်ရှိ ကင်းမွန်ဖမ်းလှေများဆီမှ မီးရောင်များသည် လိမ္မော်ရောင် ကောင်းကင်အောက်တွင် အစက်အပျောက် အလင်းဖြူဖြူလေးတွေအဖြစ် ခပ်ပျပျ လှမ်းမြင်နေရသည်။ မိုးကုပ်စက်ဝိုင်းအောက်ရှိ အံ့မဟော်၏ လှုပ်ရှားမှုပုံရိပ်သည် တကယ်ကို ပြီးပြည့်စုံသည့် ပြဇာတ်အလား။
    
    အကျည်းတန်လှချိန်တဲ့...
    
    အကျည်းတန်တောင် လှတဲ့ တိမ်တောက်ချိန်တွင် မျက်စိရှေ့က ကောင်လေး၏ ဖြစ်တည်မှုသည် လှတယ်ဆိုသည့် စကားလုံးထက် သာလွန်နေခဲ့သည်။
    
    ကဝေပျို၏ ညှို့စက်ကွင်းဝယ် ပျော်ဝင်နေသည့် လူသားတစ်ဦးလို လက်ချောင်းသွယ်သွယ်များဆီမှ ထွက်ပေါ်လာသော တယောသံသာသာကြား လင်းသန့်မောင်သည် အရာအားလုံးကို မေ့ကာ မိန်းမောသာယာနေခဲ့သည်။
    
    ဤနေရာ... ဤအချိန်... ဤအသံ... ဤမြင်ကွင်းသည် လင်းသန့်မောင်၏ အသိစိတ်ကိုသာမက မသိစိတ်တစ်ခုလုံးပါ လွှမ်းမိုးသွားလေတော့သည်။
    
    °°°°°°°

(AN/ Someone you loved ရဲ့ violin version နဲ့ cover လေးကိုလည်း အချိန်ရရင် နားထောင်ကြည့်ပေးပါဦး။

ဒီနှစ်ပိုင်းကတော့ အတော်စားပါတယ်။ ပြီးခဲ့တဲ့ ရက်တွေက update ကြာခဲ့တာမို့လို့ အိမ်စာမပြီးခဲ့တဲ့ ကလေး ဆရာငြိုငြင်မှာစိုးလို့ တစ်ပုဒ်ကြိုတွက်သလို နှစ်ပိုင်း up ပေးလိုက်ပါတယ်။

ကချောက်ကချက် အရေးအသားနောက် အခုချိန်ထိ လိုက်လာပေးခဲ့တဲ့ သူတစ်ယောက်ချင်းစီကို တကယ်ကျေးဇူးတင်ပါတယ်။ သာယာပျော်ရွှင်ဖွယ် နေ့လေးဖြစ်ပါစေ။

See you next week...)

---------------------------------------------------

ရင်ကွဲငှက်ငယ်Where stories live. Discover now