"ခင်... အချိန်ကျပြီလို့ မထင်ဘူးလား"
"ဘာကိုလဲ ကိုခန့်"
ထမင်းဝိုင်းတွင် ငြိမ်သက်စွာ မနက်စာ စားနေတုန်း ဦးခန့်သာက စကားဆိုလာသဖြင့် ကော်ဖီတစ်ကျိုက် သောက်လိုက်ပြီး ဒေါ်ခင်မျိုးမြတ် နားစွင့်မိသည်။
"သားကို အဖြစ်မှန် ပေးသိဖို့လေ"
စားပွဲပေါ်သို့ ပြန်ချလိုက်သော ဒေါ်ခင်မျိုးမြတ် လက်ထဲမှ ကော်ဖီခွက်ထဲရှိ ကော်ဖီတို့သည် ဦးခန့်သာ၏ စကားကြောင့် ဘောင်ဘင်ခတ်သွားသည်။ တုန်လှုပ်သွားသော စိတ်ကြောင့် ပြန်ရုတ်လိုက်သော ဒေါ်ခင်မျိုးမြတ်၏ လက်ချောင်းများသည်လည်း အတုန်တုန် အယင်ယင်။
ယခုနှစ်တွေအတွင်း ထိုကိစ္စအား ကိုခန့်ဘက်မှ စကားစမလာခဲ့သော်လည်း ဘယ်တော့များ ပြောလာမလဲဟူသော စိုးရိမ်စိတ်ဖြင့် သူမမှာ ပူပန်နေခဲ့ရသည်။ ယခုတော့ ကိုခန့်ဘက်က တည်တည်ငြိမ်ငြိမ်နှင့် စကားစလာခဲ့ချေပြီ။ သူမ ဘယ်လိုလုပ်ရတော့မလဲ။
"ကိုခန့် ကျွန်မလေ... အဆင်သင့်မဖြစ်သေးဘူး၊ ကျွန်မ ကိုယ့်စိတ်ကို အမြဲပြင်ဆင်ခဲ့ပေမဲ့ ကျွန်မမှာ မဟော့်ကို ဖွင့်ပြောလိုက်ဖို့ သတ္တိတွေ ရှိမလာဘူး၊ ကျွန်မ မပြောနိုင်ဘူး ကိုခန့်၊ ဟင့်အင် မပြောပါရစေနဲ့ ကိုခန့်ရယ်"
သူမ မျက်စိမျက်နှာပျက်စွာဖြင့် အလျင်စလို ပြောမိသည်။
"ဒါဖြင့် ခင်ဟာ ဒီအကြောင်းတွေကို တစ်သက်လုံး မြိုသိပ်ထားရော့မယ်လို့များ တွေးနေခဲ့သလားကွယ်"
ကိုခန့်အသံဟာ မချိတင်ကဲ ရေရွတ်ဟန်။ သူမကတော့ အပြစ်ရှိသူလို ကိုခန့်ရှေ့မှောက်ဝယ် ခေါင်းကို ငုံ့ထားမိသည်။
"အမှန်တရားဆိုတာ ဖုံးကွယ်လို့ရတဲ့အရာမျိုး မဟုတ်ဘူးဆိုတာကို ခင် ဆင်ခြင်သင့်တယ်၊ အကယ်၍များ မမျှော်လင့်ထားတဲ့အချိန်မှာ အဲဒီအမှန်တရား ရုန်းထွက်လာခဲ့ရင် အားလုံးအထိနာလိမ့်မယ်"
မမျှော်လင့်ထားတဲ့ အချိန်ပဲဖြစ်ဖြစ်... မျှော်လင့်ထားတဲ့ အချိန်ပဲဖြစ်ဖြစ် အထိနာရမှာကတော့ မလွဲမသွေပါပဲ ကိုခန့်ရယ်။ ကျွန်မက ကျွန်မမိသားစုကို အဲဒီအခြေအနေကို မရောက်စေချင်ရုံပါ။