အပိုင်း၃၆

3K 384 25
                                    

   အစ်မတဲ့...
    
    ဘယ်လိုတောင် ရူးကြောင်ကြောင်နိုင်ခဲ့သလဲ။
    
    အံ့မဟော်ဆိုတဲ့ငါက သိပ်မုန်းတဲ့ အဲဒီအမျိုးသမီးကို အစ်မလို့ ရင်းရင်းနှီးနှီးခေါ်ခဲ့သတဲ့။
    
    ဘာကြောင့်လဲလို့ အဖြေရှာကြည့်ရင် သေချာပေါက် ကိုလင်းအပြုံးတွေကို ပြေးမြင်မိမည်။ မက်မောရတဲ့ ထိုအပြုံးတွေအား မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ခွဲဝေမသုံးချင်ပါ။ သူတစ်ဦးတည်းသာ အပိုင်ရလိုသည်။
    
    သူသည် ကျူးရင့်သာအား ကောင်းသောရည်ရွယ်ချက်နှင့် လိုက်ပို့ခဲ့တာမျိုးမဟုတ်။ ကိုလင်းနှင့် သူမအား မျက်တောင်တစ်ခတ်စာမျှတောင် အတူမရှိစေလိုသော စိတ်ဆန္ဒကြောင့် အနစ်နာခံဟန်ဆောင်ကာ ကူညီခဲ့ရုံဖြစ်သည်။
    
    မပိုင်သော်ငြား သဘောကျရတဲ့ အရုပ်ကလေးက တခြားသူနှင့် ပျော်ပျော်ရွှင်ရွှင် ဆော့ကစားမှာကို သူခွင့်မပြုနိုင်ပါ။ အခုတော့ အကူအညီ အပေးကောင်း၍ ထပ်ပြီး အလုပ်ရှုပ်ရပြန်ပြီ။
    
    အိမ်ပြန်ရောက်တော့ မည်သူမျှမရှိသလို တိတ်ဆိတ်နေ၏။ ခြံတံခါးဖွင့်ပေးမည့်သူ မရှိသဖြင့် ကားကို ခြံပြင်မှာ ရပ်ခဲ့ကာ လမ်းဆင်းလျှောက်၍ အိမ်ထဲသို့ ဝင်ခဲ့သည်။
    
    ကျူးရင့်သာက အရေးကြီးစွာ အကူအညီတောင်းခဲ့ပေမဲ့ အံ့မဟော်ကတော့ လေလေးချွန်ရင်း သူ့ပုံစံအတိုင်း အေးအေးဆေးဆေးပင်။ ပူအိုက်သော ရာသီဥတုကြောင့် ဝတ်ထားသော အပေါ်အင်္ကျီကို ချွတ်၍ အခန်းထဲတောင် ဝင်ထားလိုက်သေးသည်။ ခဏအကြာမှ ကျူးရင့်သာပြောသော ဇာတ်ညွှန်းအား ရှာရန် မာမီတို့အခန်းထဲသို့ ဝင်မိသည်။
    
    မာမီနှင့်ဦးခန့်သာတို့ အခန်းအား ပထမဆုံးအကြိမ် ခြေချဖူးခြင်းဖြစ်သဖြင့် အခန်းတွင်းရှိ ပစ္စည်းများအား လိုက်ကြည့်မိသည်။
    
    စားပွဲပေါ်ရှိ ကျူးရင့်သာဘွဲ့ယူတုန်းက သူတို့သားအဖနှစ်ယောက်ပုံဆီ အမြင်အာရုံက ဦးစွာရောက်ရှိသွားသည်။ ဓာတ်ပုံထဲတွင် ဘွဲ့ဝတ်စုံနှင့် ကျူးရင့်သာအား ဦးခန့်သာက ဂုဏ်ယူစွာ ချီပိုးထား၏။ အပြုံးဖွေးဖွေးတွေက မနာလိုချင်စရာကောင်းအောင် တောက်ပနေကြသလို။
    
    သိပ်ချစ်ကြမည်ထင်သည်။ အင်းလေ... အဖေတစ်ခု သမီးတစ်ခုပဲ။
    
    ဒါဆို... သူနဲ့မာမီကရော။
    
    သူနဲ့မာမီလည်း ကျူးရင့်သာတို့ သားအဖလို အမေတစ်ခု သားတစ်ခုပဲမလား? ဒါပေမဲ့ သူတို့လိုမျိုး ဘာလို့မတူတာလဲ?
    
    ထိုဓာတ်ပုံကြောင့် မာမီနှင့် ပတ်သက်၍ ဟောင်းနွမ်းစပြုနေပြီဖြစ်သော မှတ်ဉာဏ်အချို့အား တူးဆွမိသွားသည်။
    
    ဒယ်ဒီကြောင့် ပြိုလဲနေခဲ့တဲ့ သူ့စိတ်တွေကို မာမီကုစားပေးတဲ့နည်းက ဘာမှမတွေးဘဲ စာကိုသာ အာရုံစိုက်တဲ့။ မာမီရှိပါတယ်လို့ ဘေးကနေ တစ်ခွန်းလောက်သာ အားပေးခဲ့ရင် ကျွန်တော် သိပ်ပျော်မိခဲ့မယ်ထင်တယ်။
    
    အေးစက်စက်ဖြစ်နေတဲ့ ကျွန်တော့်ကို တကယ်ဆို နွေးထွေးမှု သေးသေးလေးပေးခဲ့ရင်တောင် သေချာပေါက် အရည်ပျော်ကျမိမှာပါ။ ခြောက်နှစ်နီးပါး ပစ်ထားခဲ့တဲ့ ဒီသားဟာ မာမီ့ချစ်ခြင်းမေတ္တာတွေကို သိပ်လိုအပ်နေခဲ့မယ်ဆိုတာ မာမီမတွေးမိခဲ့ဘူးလား။
    
    မှိုင်းအုံ့လာသော စိတ်ကြောင့် အကြည့်တို့ကို ကုတင်ခေါင်းရင်းရှိ ပြုံးရွှင်နေသော လူနှစ်ဦး၏ မင်္ဂလာဓာတ်ပုံအား ပြောင်းရွှေ့မိတော့ သူ့ရင်ထဲမှာ ထပ်ပြီး ကျဉ်ခနဲ။ တစ်ဆက်တည်း ဒယ်ဒီ့အိမ်ရှိ ဒယ်ဒီအရက်မူးမူးနှင့် ရိုက်ခွဲလိုက်သဖြင့် သူကိုယ်တိုင် တိပ်များနှင့် ပြန်လည်ဆက်ထားသော မိသားစုဓာတ်ပုံလေးအား မြင်ယောင်မိသွားသည်။ အကျင့်ပါနေကျ ဟက်ခနဲ ရယ်သံက သူ့ထံမှ အလိုလိုထွက်ကျလာ၏။
    
    အဲ့တုန်းက မင်္ဂလာဝတ်စုံနဲ့ မာမီသိပ်ပျော်နေခဲ့မှာပဲ...
    
    ပြုံးနေလိုက်တာများ မျက်လုံးတွေက ကြယ်ရောင်ပျောက်ပြီး မှိတ်ကျနေတဲ့ လခြမ်းကွေးလေးတွေလိုမျိုး။
    
    မာမီပျော်နေခဲ့တဲ့ အဲ့အချိန်မှာ ကျွန်တော်ကတော့ မချိမဆန့် နာကျင်နေခဲ့ရတာ...
    
    တင်းကြပ်နေတဲ့ ရင်ထဲမှာရော... စူးအောင့်နေတဲ့ အစာအိမ်ထဲမှာပါ...။
    
    မှတ်မှတ်ရရ အဲ့နေ့က ကိုလင်းနဲ့ စတွေ့ခဲ့တာနေမယ်။ ထုံစံအတိုင်း အစပ်စားရတာ ပင်ပန်းလာလို့ ရန်ပွဲရှာရင်းနဲ့ပေါ့။
    
    ပြန်တွေ့ကြည့်ရင် အဲ့ကတည်းက ကိုလင်းက ထူးခြားနေခဲ့တာ။ ဘာမှအမှတ်မထားတဲ့ သူ့မှတ်ဉာဏ်ထဲမှာ နောက်တစ်ကြိမ် ကိုလင်းနဲ့ ပြန်ဆုံတော့ ဒီလူဟာ ဘယ်တုန်းက ဘယ်အချိန် ဘယ်နေရာမှာ သူနဲ့ တွေ့ဖူးခဲ့တဲ့လူရယ်လို့ ထူးထူးဆန်းဆန်း တန်းခနဲ မှတ်မိနေခဲ့တာ။ နက်နက်ရှိုင်းရှိုင်း ကျွမ်းဝင်ခဲ့ဖူးသလိုမျိုး။
    
    အစိုးမရစွာ ဟိုဟိုသည်သည် လွင့်ဝဲနေသည့် အတွေးစတို့အား ဖြတ်လိုက်ကာ ကျူးရင့်သာပြောသော ဇာတ်ညွှန်းများအား စတင်ရှာဖွေလိုက်သည်။
    
    အခန်းတွင်းရှိ မည်သည့်ပစ္စည်းကိုမျှ မထိလို၍ မျက်လုံးဖြင့်သာ အပေါ်ယံ လျှောက်ရှာမိသည်။ မည်သည့်နေရာမှာမှ မတွေ့သဖြင့် ကျူးရင့်သာ ပြောသလို သူမဒယ်ဒီ ဦးခန့်သာအား ဖုန်းဆက်မေးရန် တွေးမိသွားသည်။ သို့ပေမဲ့ သူ့ထံတွင် ဦးခန့်သာ၏ ဖုန်းနံပါတ်ကား မရှိ။
    
    ထို့ကြောင့် မတတ်နိုင်တော့သဖြင့် ဘီရိုတံခါးအား ဖွင့်ရှာလိုက်သည်။ မတွေ့။ အံဆွဲများအား ဖွင့်ကြည့်လိုက်သော်လည်း ကျူးရင့်သာပြောသည့် အနီရောင်ဖိုင်အား ရှာမတွေ့ချေ။
    
    တတ်နိုင်သလောက် ရှာပေးခဲ့ပြီးပြီမို့ အံဆွဲများအား ပြန်ပိတ်ကာ လက်လျှော့ရန် ဟန်ပြင်လိုက်သည်။ အခန်းပြင်သို့ ပြန်ထွက်ရန် ပုဆစ်တုပ်ထိုင်နေရာမှ ထလိုက်သည့်နောက် ကုတင်ဘေးရှိ စားပွဲအံဆွဲအား မရှာရသေးသည်ကို သူ သတိထားမိသွားသည်။
    
    ထိုအံဆွဲအား နောက်ဆုံးအနေနှင့် ဖွင့်ကြည့်လိုက်ရာ အံဆွဲထဲတွင် များစွာသော စာအုပ်စာရွက်များ၊ ဖိုင်တွဲများအား တွေ့လိုက်ရ၏။ အံဆွဲဟိုးနောက်ဘက်တွင် အနီရောင်ဖိုင်လေးအား တစ်စွန်းတစ်စ မြင်နေရသည်။ ဇာတ်ညွှန်းဖိုင်အား ဘာလို့ခက်ခက်ခဲခဲ ထားရသလဲဟုတောင် သူ တွေးမိသွားသည်။
    
    ဖိထားသော စာအုပ်များအား အရင်ဆွဲထုတ်ပြီးမှ ထိုဖိုင်အား အပြင်သို့ ယူရသည်။ ဖွင့်ကြည့်ဖို့ ဆန္ဒမရှိသော်ငြား ဇာတ်ညွှန်းထည့်ထားသည့်ဖိုင် ဟုတ်မဟုတ် စစ်ဆေးရန် လိုအပ်သည်မို့ သူ ဖွင့်ကြည့်လိုက်မိသည်။
    
    ဦးခန့်သာ၏ လုပ်ငန်းဆိုင်ရာ မြေကွက်များ၏ ဂရမ်စာရွက်များ ဖြစ်နေ၏။ အံ့မဟော် စိတ်မရှည်တော့။ ကျစ်ခနဲ စုတ်သတ်ပြီး ထိုဖိုင်တွဲအား အံဆွဲထဲသို့ ပြန်ပစ်ထည့်လိုက်သည်။
    
    ဖိုင်ထဲမှ စာရွက်လေးတစ်ရွက်သည် ကံအားလျော်စွာဖြင့် သူ့ခြေဖမိုးပေါ်သို့ ထွက်ကျကျန်ခဲ့ရှာလေသည်။
    
    မှောက်လျက်ဖြစ်နေသော အဖြူရောင် စာရွက်အား ခုနက ဖိုင်တွဲထဲသို့ ပြန်ထည့်ရန် ကောက်ယူခိုက်...
    
    DNA test report ဟူသော ခေါင်းစဉ်နှင့် ဇယားကွက်များက သူ့မျက်ဝန်းအား စူးရှသွားစေသည်။
    
    စာရွက်ထဲရှိ အကြောင်းအရာတို့အား ဖတ်ပြီးသည့်နောက် သူ့ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားလေတော့သည်။
    
    ဘာတွေလဲ?
    
    စာရွက်ထဲမှာ... စာရွက်ထဲမှာ... ဘာတွေရေးထားတာလဲ!!
    
    သူ့နှုတ်ခမ်းတို့သည် တဆတ်ဆတ်တုန်ခါလျက်... မျက်ဝန်းသူငယ်အိမ်တို့သည်လည်း ထိတ်လန့်တုန်လှုပ်လျက်....
    
    မြန်လာသော အသက်ရှုနှုန်းနှင့်အတူ သူ့ရင်ဘတ်သည်လည်း နိမ့်ချည်မြင့်ချည် လှုပ်ခါလာသည်။
    
    လက်ချောင်းသွယ်သွယ်ထဲတွင် ကိုင်ထားသော စာရွက်ကလေးသည် နောက်တစ်ကြိမ် ကြမ်းပြင်ပေါ်သို့ လျှောကျသက်ဆင်းရပြန်လေသည်။ ကျောက်ရုပ်တစ်ရုပ်လို တွေတွေကြီး သူ ငြိမ်သက်စွာ ရပ်နေမိသည်။
    
    အိပ်မက်လား။ အိပ်မက်ဟုတ်မယ်။ ဒီတစ်ခါ အိပ်မက်က ဘယ်လိုကြီးလဲ။
    
    ခေါင်းကိုခါလျက် အံ့မဟော် ရယ်မိသည်။ ထို့နောက် အပြစ်မဲ့သည့် ဆံပင်တို့အား လက်နှစ်ဖက်ဖြင့် တင်းနေအောင် ထိုးဆုပ်ထားမိသည်။ နာကျင်လာသော ဦးရေပြားသည် လက်ရှိအခြေအနေအား အိပ်မက်မဟုတ်ဘဲ လက်တွေ့စင်စစ်ဖြစ်ကြောင်းကို သက်သေပြနေ၏။ ထပ်ပြီး ရယ်မိပြန်သည်။
    
    ဒါဆို အမြင်မှားတာနေမှာပါ...
    
    ဟုတ်တယ်... ငါအမြင်မှားသွားတာ။
    
    မျက်နှာအား လက်ဖဝါးနှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်လိုက်ပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်မိသည်။ ခေါင်းကိုတဆတ်ဆတ်ညိတ်ရင်း အသက်ဝဝရှူ၍ အားယူကာ နောက်တစ်ကြိမ် ကြမ်းပြင်ပေါ်ရှိ ချောက်ချားဖွယ် ထိုစာရွက်အား လှမ်းကြည့်လိုက်သည်။
    
    Child ဟူသော ဇယားကွက်အောက်က အံ့မဟော်ဟူသော သူ၏အမည်နှင့် Father ဟူသော ဇယားကွက်အောက်က ခန့်သာဟူသော အမည်နှစ်ခုက သူ့အား သွေးပျက်စရာကောင်းအောင် လှောင်ပြောင်နေသယောင်။
    
    သွေးသားတော်စပ်မှု 99.9998%
    
    အား......
    
    အက်ကွဲနေသော အသံနက်ကြီးကြောင့် အောက်ထပ်တွင် ချက်ပြုတ်နေသော ဒေါ်နန်းတစ်ယောက် လန့်ဖြန့်သွားကာ သူမလက်ထဲမှ ဟင်းပန်ကန်လေးသည် ကြမ်းပြင်ပေါ်သို့ ခွမ်းခနဲ ကျကွဲသွားလေတော့သည်။
    
    °°°°°°°
    
    "မာမီ မာမီ"
    
    ဆေးခန်းရှေ့တွင် ဝူးခနဲ ဆိုက်ရောက်လာသည့် ကားသံနှင့်အတူ မဟော်သည် ဆေးခန်းတွင်းသို့ ဝုန်းဒိုင်းကြဲ ဝင်ချလာသည်။
    
    "မဟော်... ဘာဖြစ်လာတာလဲ"
    
    မိမိတို့ ဆေးကုသခံရမည့် အလှည့်အား စောင့်ဆိုင်းနေကြသော လူနာများအား ကျော်၍ ယဉ်ကျေးမှုမရှိစွာ မဟော်သည် သူမမျက်စိရှေ့သို့ ရောက်လာ၏။ ဖရိုဖရဲဖြစ်နေသော ဆံပင်ပုံစံ၊ သပ်ရပ်ခြင်းမရှိသော သွင်ပြင်လက္ခဏာတို့က သူမအား မျက်မှောင်ကြုတ်စေသည်။
    
    ပျက်ယွင်းနေသော မဟော့်ပုံစံကို ကြည့်၍ အကူသူနာပြုမလေးအား ဆေးပေးရန် ညွှန်ကြားပြီးနောက် မဟော့်လက်ကို ဆွဲကာ သူမ နားနေခန်းထဲသို့ အမြန်ဝင်လိုက်ရသည်။
    
    "မဟော်... မင်းဘယ်လိုပုံစံဖြစ်လာတာလဲ... လူတွေအများကြီးရှေ့မှာ မင်းအပြုအမူက ငါ့သိက္ခာကို ထိခိုက်စေမယ်ဆိုတာ မတွေးမိဘူးလား ဟမ်"
    
    "ဘယ်သူ့ကိုမှ ကျွန်တော်ဂရုမစိုက်နိုင်ဘူး မာမီ၊ မာမီ အခု ကျွန်တော်နဲ့ ပြန်လိုက်ခဲ့၊ မာမီ့ကို ကျွန်တော်မေးစရာရှိတယ်"
    
    "မင်း အော်ကြီးဟစ်ကျယ်နဲ့ ဘယ်လိုဖြစ်နေတာလဲ... ဆေးခန်းထိုင်ချိန်ကို ငါက ဘာကိစ္စလိုက်ရမှာလဲ... အပြင်မှာ လူနာတွေ စောင့်နေတာ တွေ့ဘူးလား"
    
    မဟော်က သူ့ဆံပင်တွေကို ပြန်ဆွဲဆုပ်သည်။
    
    "ကျွန်တော့်မျက်လုံးထဲမှာ အသိစိတ်ထဲမှာပါ ဘာကိုမှ မမြင်နိုင်တော့ဘူး မာမီ၊ မာမီ့ကို ပြန်လိုက်ခဲ့ပါလို့ ပြောနေတာက မဲမဲမြင်သမျှ ကိုက်ချင်နေတဲ့ စိတ်ရိုင်းတွေကို အတတ်နိုင်ဆုံး ချုပ်တည်းပြီး တောင်းဆိုနေတာ"
    
    "မဟော်... အပြင်က လူနာတွေကို ငါက ဘယ်သူနဲ့ ထားခဲ့ပြီး မင်းနောက်ကို လိုက်ရမှာလဲ၊ ဘာဖြစ်လာတာလဲ... ပြောစရာရှိတာကို ဒီမှာပဲပြော"
    
    ဟက်... မေ့နေခဲ့တာပဲ။
    
    မာမီ့ဘဝမှာ မာမီ့လူနာတွေက နံပါတစ်ဆိုတာကို။
    
    ကောင်းပြီလေ... ဒါဆိုလည်း ပြောစရာရှိတာကို ပြောရတာပေါ့။
    
    "ဦးခန့်သာက ဘယ်သူလဲ"
    
    မဟော့်အသံက ပြတ်သည်။ ကြည်သည်။ မျက်ဝန်းများက နီနေသည်။ သူမခေါင်းထဲတွင် အချက်ပေးခေါင်းလောင်းသံများ သံပြိုင်မြည်လာသကဲ့သို့ ခံစားလိုက်ရသည်။
    
    ဧကန္တ... မဟော် သိသွားပြီလား။
    
    "ဦးခန့်သာက ဘယ်သူလဲလို့"
    
    သူမေးလိုက်တဲ့ မေးခွန်းက ရိုးရိုးရှင်းရှင်းလေး။ သို့ပေမဲ့ မာမီသည် အပြစ်လုပ်ထားတဲ့ ကလေးတစ်ယောက်လို ထိန်းမရနိုင်အောင် မူပျက်သွားသည်။
    
    "မ မဟော်... ကိုခန့်ကို မင်းသိရဲ့သားနဲ့... ဘ.. ဘာလို့မေးတာလဲ"
    
    အထစ်ထစ်အငေါ့ငေါ့နှင့် တစ်ခါမှ မမြင်ဖူးသည့် မာမီ့ပုံစံသည် သူ့စိုးရိမ်ရေမှတ်ကို တစ်ဟုန်ထိုး တက်လာစေသည်။
    
    "ပြောစမ်းပါ မာမီ... ဦးခန့်သာက ဘယ်သူလဲ... ကျွန်တော်ကရော ဘယ်သူလဲ"
    
    မာမီသည် တစ်ဆို့နေသော ပုံစံဖြင့် နှုတ်ခမ်းတို့ ပွင့်ချည်ဟချည်လုပ်ရင်း သူ့အား စိုက်ကြည့်နေသည်။
    
    မာမီ့အနားကို တိုးကပ်ကာ မာမီ့ပခုံးနှစ်ဖက်အား လက်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်မိသည်။ သူ့လက်ချောင်းများသည် ထိတ်လန့်ကြောက်ရွံ့ခြင်း၊ တောင်းပန်တိုးလျှိုးခြင်း၊ အားကိုးခြင်းတို့ ရောထွေးနေသော စိတ်အခြေအနေကြောင့် အားပါနေကာ တင်းကြပ်နေသည်။
    
    "ပြောလေ မာမီ... ကျွန်တော်မေးတာကို ဖြေလေ"
    
    ငြင်းလိုက်ပါ မာမီ။
    
    ဘာတွေလာမေးတာလဲလို့ ငြင်းပစ်လိုက်စမ်းပါ။
    
    ကျေးဇူးပြုပြီး အခုလိုမျိုး သွေးပျက်မပြပါနဲ့။
    
    "DNA စစ်ထားတာက အတုမလား... ဟင် မာမီ... ကျွန်တော်..ကျွန်တော် ဒီနေ့ မာမီတို့အခန်းထဲမှာ စာရွက်တစ်ရွက်ကို မတော်တဆ..မတော်တဆ တွေ့ခဲ့မိတယ်၊ အဲဒီစာရွက်က အတုမလား... ဟင်"
    
    တိုးညှင်းလာသော လေသံနှင့်အတူ သူလည်း ဆောက်တည်ရာမရဖြစ်လာသည်။
    
    ငြင်းရခက်နေရင် ဟုတ်တယ်လို့ ထောက်ခံရလွယ်အောင် ကျွန်တော်မေးပေးမယ် မာမီ။
    
    Please... ခေါင်းလေး ညိတ်ရုံပဲဖြစ်ဖြစ် မာမီ။
    
    ဘာကိုမှ မမြင်ခဲ့ဖူးသလို ကျွန်တော်က မေ့ပစ်လိုက်မှာမို့လို့ မာမီက ခေါင်းလေးတစ်ချက် ညိတ်ပြရုံလေးပဲ။
    
    အချိန်အတန်ကြာအထိ တဆတ်ဆတ်တုန်သော နှုတ်ခမ်းများနှင့် သွေးပျက်နေသော မာမီ့မျက်လုံးများသည် သူ့အား ချောက်နက်နက်ထဲသို့ ကူကယ်ရာမဲ့ ဆွဲချလိုက်သလို။
    
    မာမီ့ပခုံးပေါ်ရှိ သူ့လက်များသည် အရုပ်ကြိုးပြတ် ပြုတ်ကျလာသည်။ မာမီ့အား မယုံကြည်နိုင်စွာ သူ ရပ်ကြည့်နေမိသည်။ မျက်ဝန်းထဲတွင် မြင်နေရသော မာမီ့ပုံရိပ်သည် တဖြည်းဖြည်း ဝေဝါးလာ၏။ ထုံကျင်နေသော အသိစိတ်ကြောင့် ပါးပြင်ပေါ်မှ အထိအတွေ့တို့အား သူဂရုမမူမိတော့။
    
    ထွက်ပြေးချင်သည်။ ဘယ်သူမှ ရှာမတွေ့အောင် ပုန်းခိုချင်သည်။ သို့ပေမဲ့ ခြေထောက်တွေက ခဲဆွဲထားသလို လှုပ်ရှား၍ မရ။ တစ်စုံတစ်ရာက ဆွဲဆုပ်ထားသလို ရင်ဘတ်ထဲတွင် တင်းကြပ်နေမှုကြောင့် အသက်တောင် ကောင်းစွာ ရှူ၍မရတော့။
    
    ထိုခံစားချက်...
    
    လွန်ခဲ့တဲ့ ဆယ်နှစ်က နောက်ဆုံးမွေးနေ့မှာ လက်ဆောင်အဖြစ် သူ့အား ဒယ်ဒီက ရက်စက်စွာ ပေးခဲ့တဲ့ စိတ်ခံစားချက်။
    
    မာမီ့ရိုက်ချက်က ဒယ်ဒီ့ထက် အဆပေါင်းများစွာ ပိုပြင်းသည်။ လူအဖြစ် ရှင်သန်လာတဲ့ တစ်လျှောက်လုံးကို ယူကြုံးမရဖြစ်လွန်းလို့ ပစ်စလက်ခတ် သေပစ်လိုက်ချင်သည်အထိ။
    
    "လုပ်ရက်လိုက်တာ"
    
    ခြောက်ကပ်အက်ကွဲနေသော အသံဖြင့် စကားတစ်ခွန်းကို ခက်ခက်ခဲခဲပြောပြီး ခြေထောက်တို့ကို မာမီနဲ့ ဝေးရာဆီသို့ တရွေ့ရွေ့ဆုတ်မိသည်။
    
    "လုပ်ရက်လိုက်တာဗျာ..."
    
    "မဟော်... မာမီလေ... မာမီ မဟော့်ကို ရှင်းပြမယ်နော်... မာမီလေ... မာမီ"
    
    "မပြောနဲ့"
    
    ချောင်ပိတ်ရိုက်ခံရသည့် ခွေးလေးတစ်ကောင်လို သူ ဒေါသတကြီး မာန်ဖီလိုက်သည်။ မာမီတစ်လှမ်းတိုးတိုင်း သူ့ဘက်ကလည်း ခြေတစ်လှမ်း နောက်ဆုတ်မိသည်။
    
    "မဟော်... မာမီလည်း မသိခဲ့ပါဘူး... မာမီမှားခဲ့ပေမယ့် မာမီလည်း... မာမီလည်း မသိခဲ့ဘူး၊ ဘယ်သူ့ကို အပြစ်ပုံမချချင်ပါဘူး၊ မာမီ့ကို ခွင့်လွှတ်ပါနော် မဟော်.. မာမီ တောင်းပန်ပါတယ်... မာမီတောင်းပန်ပါတယ်"
    
    မှိုင်းညိုနေသော မျက်ဝန်းတို့သည် မီးစာအထည့်ခံလိုက်ရသလို အရှိန်တညီးညီးနှင့် ပြန်လည်တောက်လောင်လာသည်။ ပါးပြင်ပေါ်မှ မျက်ရည်စီးကြောင်းများသည် ရဲရဲနီနေသော မီးတောင်ပေါ်မှ စီးဆင်းပေါက်ကွဲလာသော ဒေါသချော်ရည်ပူများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
    
    "တောင်းပန်ချင်ရင် မွေးခဲ့မိတာ တောင်းပန်ပါတယ်လို့သာ ပြောလိုက်မာမီ... ခွင့်လွှတ်စေချင်ရင်တော့ မာမီကိုယ်တိုင် ကျွန်တော့်ကို သတ်ပေး... ဒါဆိုရင်တော့ ခွင့်လွှတ်နိုင်လိမ့်မယ်ထင်တယ်"
    
    မာမီက ငိုသည်။ သူ့မျက်စိရှေ့တွင် ခေါင်းကိုငုံ့၍ တအိအိရှိုက်ငိုနေသည်။ နေပါဦး... အခု ဘယ်သူက မှားလို့ လာငိုပြနေတာလဲ။
    
    ဒယ်ဒီ့အား အားနာစွာ မြင်ယောင်မိသည်။
    
    ဒယ်ဒီနဲ့တူတယ်လို့ ဒယ်ဒီအမြဲပြောခဲ့တဲ့ ဟောဒီမျက်ဝန်းပိုင်ရှင်က ဒယ်ဒီ့သွေးသားမဟုတ်ဘူးတဲ့။ ဒါဆို ငယ်ငယ်ကရော။ ငယ်ငယ်နဲ့လည်း ကျွန်တော်က ဘာမှ မတော်စပ်တဲ့ သူစိမ်းတစ်ယောက်လား။
    
    "လူဖြစ်ရတာ ကျွန်တော့်ကိုယ်ကျွန်တော်တောင် မသတီတော့ဘူး ဟားဟား"
    
    ခြောက်ကပ်စွာ...
    
    ကြေကွဲစွာ...
    
    နာကျင်စွာ...
    
    နာကျည်းစွာ...
    
    ခေါင်းကိုမော့၍ တဟားဟား ရယ်မိသည်။ သူ့ရယ်သံသည် ဆေးခန်းလေးထဲတွင် အားလုံးကြားသာသည်အထိ ကျယ်လောင်စွာ ပျံ့နှံ့လျက်။
    
    ဒီတစ်ကြိမ်တော့ မာမီအား သူက ဦးစွာ ကျောခိုင်းပစ်လိုက်သည်။
    
    မာမီ့မျက်ရည်တို့အား လစ်လျူရှုရင်း....
    
    မာမီ့ငိုသံတို့အား မကြားဟန်ဆောင်ရင်း....
    
    °°°°°°°

ရင်ကွဲငှက်ငယ်Where stories live. Discover now