အပိုင်း၃၇

3.4K 400 41
                                    

   Cheer!!!

    ဖန်ခွက်ချင်းတိုက်၍ ဂုဏ်ပြုသံက စားသောက်ဆိုင်လေးတွင် ထွက်ပေါ်လာသည်။

    "ကဲ... နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့ပြီ၊ ရှေ့လျှောက် အားလုံးအဆင်ပြေကြပါစေကွာ"

    နေမျိုး၏ စကားအဆုံးမှာ သူတို့အားလုံး ခွက်ထဲမှ ဘီယာများကို မော့သောက်လိုက်ကြသည်။

    သန်ဘက်ခါဆို လင်းသန့်မောင်တို့အားလုံး အလုပ်သင် ဆင်းရတော့မည်။ ထို့ကြောင့် မိန်းကလေးများမပါဘဲ သူတို့သူငယ်ချင်းလေးယောက်သား ဘီယာလာသောက်ပြီး အဝပျော်ကြဖို့ပင်။

    ဟေးလားဝါးလားနှင့် အပျော်လွန်နေရာ အချိန်တော်တော်ကြာ ညဥ့်နက်သည်အထိ မပြန်ဖြစ်ကြသေးပေ။ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ သည်လောက်အထိ လင်းသန့်မောင် အရက်သေစာ မသောက်ဖူးပေ။ ယနေ့ညတွင်တော့ သူငယ်ချင်းများက မြှောက်ပေးကြသည်ကတစ်ကြောင်း၊ မိမိကိုယ်တိုင်ကလည်း ပျော်ချင်တာက တစ်ကြောင်းရယ်ကြောင့် တစ်ခွက်ပြီးတစ်ခွက် သောက်နေမိသည်။

    အားလုံးပြန်ကြတော့မည်ဟု ဟန်ပြင်ကြသည့်အချိန်တွင် လင်းသန့်မောင်တစ်ယောက် မှောက်နေရာမှ မနည်းခေါင်းထူရသည်။ အိမ်ကို အခုလိုကွဲပြဲနေသည့်ပုံစံနှင့် မပြန်လိုတာကြောင့် အမူးပြေအောင် ဆိုင်မှာ ခဏနေပြီးမှ အိမ်ပြန်ရသည်။

    အိမ်ပြန်ရောက်တော့ မေမေရော ညီမလေးပါ အိပ်နေကြလေပြီ။ ဖေဖေတစ်ယောက်သာ သူ့အား တံခါးဖွင့်ပေးရန် ဧည့်ခန်းထဲတွင် ထိုင်စောင့်နေ၏။

    "ဆောရီး ဖေဖေ... ကျွန်တော် သူငယ်ချင်းတွေနဲ့ နည်းနည်းသောက်လာခဲ့တယ်"

    "အေးပါကွာ... တစ်ခါတလေပဲ... ဖေဖေ နားလည်ပါတယ်၊ ကိုယ်လက်သန့်စင်ပြီးမှ အိပ်ရာဝင်နော်၊ ဖေဖေလည်း အိပ်တော့မယ်"

    "ဟုတ်ကဲ့... ကျွန်တော် တံခါးပိတ်လိုက်မယ်"

    "အေး အေး"

    ခန္ဓာကိုယ်မှ အယ်လ်ကိုဟောနံ့က ဖုံးမရအောင် ထွက်နေတာကြောင့် ခပ်ဝေးဝေးကနေသာ ဖေဖေ့အား စကားပြောမိသည်။ သူတံခါးပိတ်နေတုန်း ဖေဖေက ဖတ်လက်စ စာအုပ်များအား စီစီရီရီ သိမ်းဆည်းနေ၏။

ရင်ကွဲငှက်ငယ်Where stories live. Discover now