ပိတ်ထားတဲ့ ပြတင်းပေါက်တံခါးကို အချိန်တော်တော်ကြာ စိုက်ကြည့်နေမိသည်။ ဒီနေ့နဲ့ဆို သူ မှိုင်တွေနေခဲ့တာ ရက်အတော်ကြာခဲ့ပြီ။ ဆေးရုံကို သွားတာကလွဲ၍ အပြင်ကိုလည်း မထွက်ဖြစ်။ အခန်းထဲမှာပဲ အောင်းနေမိတာ။
အတွေးတွေရဲ့ ဦးတည်ရာက ပရမ်းပတာ။ အတိတ်ကို ပြန်ရောက်လိုက်... အနာဂတ်ကို ပြေးကြည့်လိုက်နဲ့။ ပစ္စုပ္ပန်မှာတော့ လမ်းတွေပျောက်လို့။ ဒီလို တွေဝေနေရတဲ့ အချိန်မှာတောင် ကိုယ့်အပူထက် တစ်ယောက်သောသူအတွက် ပို၍စိုးနေမိသေးသည်။
ဘယ်မှာ အခုရှိနေမလဲ။
တစ်ယောက်တည်းလား။
ဘာတွေ မဟုတ်တာ လုပ်နေမလဲ။
ခေါင်းထဲက ထုတ်ပစ်ချင်ပေမဲ့ ထုတ်လို့မရ။ သွားတွေ့လိုက်ချင်ပေမဲ့လည်း ရင်မဆိုင်ရဲ။
တစ်ချိန်ကတော့ လိုက်ရှာခဲ့သူ ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ ကိုယ်က ပုန်းနေတဲ့သူ။ ဘယ်သူ့ဆီက ပုန်းနေတာလဲတော့ သူကိုယ်တိုင်လည်း မသဲကွဲ။ အံ့မဟော်ဆီကလား... ကျူးဆီကလား... ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုဆီကပဲလား။
အတွေးတစ်ခုကို ခက်ခက်ခဲခဲ လွန်ဆွဲပြီးတဲ့နောက်မှာ အချိန်အတော်ကြာ ပိတ်ထားခဲ့တဲ့ ဖုန်းဆီသို့ သူ လက်လှမ်းလိုက်သည်။
"အခု ဘယ်မှာလဲ"
°°°°°°°
ဒါဟာ တတိယအကြိမ်မြောက် ဤအိမ်ကြီးဆီသို့ ထပ်မံရောက်လာရခြင်း။
ဟနေသော ခြံတံခါးအား အလွယ်တကူ တွန်းဖွင့်ရန်တောင် သူ့အတွက် ချီတုံချတုံဖြစ်နေမိသည်။
အတွေးပေါင်းစုံဖြင့် ပြောရမည့် စကားလုံးများကို စီကာ အိမ်ကြီးဆီသို့ လျှောက်လာစဉ် တလှုပ်လှုပ် ဖြစ်နေသော နံဘေးက ခြုံတစ်ခုရယ်ကြောင့် သူ့ခြေလှမ်းတို့ ရပ်သွားသည်။
ဘာပါလိမ့်။
အကောင်တစ်ကောင်များ ဝင်နေတာလား။
လေမတိုက်ဘဲ တစ်နေရာတည်းသာ ကွက်၍ ယိမ်းထိုးနေသော ထိုခြုံဆီသို့ လင်းသန့်မောင် သတိထားပြီး တိုးကပ်သွားမိသည်။ ခြံတစ်ခုလုံးက လူမနေတာ အတော်ကြာပြီဖြစ်၍ ခြုံနွယ်ပိတ်ပေါင်းတို့က ထူထပ်အောင် ပေါက်ရောက်နေကြသည်။ ထို့ကြောင့် ဤခြုံအတွင်း၌ မည်သည့်သတ္တဝါရှိနေသည်ကို မျက်လုံးအား ပြူးပြဲကြည့်လျှင်တောင် မြင်နိုင်မည်မဟုတ်ပါ။