"ငယ်ငယ်... နိုးနော်... မလိမ်းတော့ဘူး"
"မလိမ်းလို့မရပါဘူး... တစ်မနက်လုံး နေလောင်ခံထားရတာ... သားသားရဲ့ အသားအရည်တွေပျက်စီးလိမ့်မယ်"
"သား ကလေးမဟုတ်တော့ဘူး ငယ်ငယ်ရ... သနပ်ခါးမလိမ်းချင်တော့ဘူး"
"ဘာလို့မလိမ်းချင်ရတာလဲ... သနပ်ခါးဆိုတာ လိမ်းလိုက်ရင် မျက်နှာလေးကို အေးသွားတာ... ဒီမှာကြည့်စမ်း မွှေးနေတာပဲ... လာ အနားကိုလာခဲ့"
"မလာပါဘူး"
"သားသား... သနပ်ခါးတွေ ခြောက်ကုန်တော့မယ်"
ဒေါ်သဇင်ငယ်သည် သနပ်ခါးသွေးထားသော ကျောက်ပျဉ်တစ်ခုနှင့် ကုတင်ခြေရင်းတွင် တင်ပြင်ခွေထိုင်လျက်ရှိသည်။ အံ့မဟော်အား သနပ်ခါးလိမ်းရန် သူမ အကြိမ်ကြိမ် ခေါ်နေပါသော်လည်း သနပ်ခါးမလိမ်းချင်သော အံ့မဟော်က ကုတင်ပေါ်မှ လုံးဝဆင်းမလာချေ။
လင်းသန့်မောင်သည် သူတို့တူဝရီးနှစ်ယောက်ကို ကြည့်ကာ ထိုင်ရာမှ ထရမလို အပြင်ထွက်ရမလိုနှင့် ဘယ်လိုနေရမှန်းမသိ ဖြစ်နေလေသည်။
"သားသား မလာရင် ငယ်ငယ်လာခဲ့မယ်"
ဒေါ်သဇင်ငယ်က ပြောရင်းဆိုရင်း ထိုင်နေရာမှ ကုန်းထကာ ကျောက်ပျဉ်ကိုမ,၍ အံ့မဟော်ရှိရာ ကုတင်ပေါ်သို့ တင်ပြင်လွဲ ဝင်ထိုင်လိုက်၏။
"မျက်နှာမှာ နေလောင်ထားလို့ အညိုကွက်တွေတောင် ဖြစ်နေတာကို သနပ်ခါးမလိမ်းဘူးလုပ်နေသေးတယ်"
"အာ... ငယ်ငယ်၊ သနပ်ခါးရည်တွေ အိပ်ရာခင်းပေါ် စွန်းလိမ့်မယ်၊ မတင်နဲ့လေ"
"အို... သားသားမှ အောက်ဆင်းမလာတာ၊ သနပ်ခါး မခြောက်ခင် အမြန်လိမ်းမှ ဖြစ်တော့မှာ၊ သနပ်ခါးက အစွန်းအထင်း မဖြစ်ပါဘူး၊ လျှော်လို့ရတယ်"
"လျှော်လို့ ရရ မရရဗျာ၊ ဒီတစ်နေ့ပဲ... နော်၊ တစ်နေ့တောင်မဟုတ်ဘူး ငယ်ငယ်ရာ၊ တစ်နေ့ခင်းလေးပဲ၊ ညကျရင် လိမ်းမယ်လေ၊ အခုတော့ တကယ်မလိမ်းချင်လို့ပါ"
အံ့မဟော်သည် လက်ညှိုးထောင်ပြကာ ရှုံ့မဲ့နေသော မျက်နှာနှင့် လင်းသန့်မောင်ဘက်ကို မျက်စပစ်ပြ၍ တိုးတိုးကြိတ်ကြိတ် အသနားခံလိုက်ပေမဲ့...