အပိုင်း၄၂

3K 386 43
                                    

   "မင်းတကယ်ပဲ မာမီနဲ့ မလိုက်တော့ဘူးလား"

    အချိန်အကြာကြီး ခြောက်ကပ်နေခဲ့သော အိမ်ကြီး၏ ဧည့်ခန်းထဲတွင် ယခင်က တစ်စုတစ်စည်းတည်း နေခဲ့ကြသော လူသုံးယောက် ပြန်လည်ရောက်ရှိလို့နေကြသည်။

    ဒေါ်ခင်မျိုးမြတ်၊ ဒေါ်သဇင်ငယ်နှင့် အံ့မဟော်။

    ယခုဆိုလျှင် ဒေါ်သဇင်ငယ်လည်း အကြောင်းစုံကို သိပြီးဖြစ်လေသည်။ အခြေအနေများက သူမ လက်မခံနိုင်လောက်အောင် မယုံချင်စရာ ကောင်းလွန်းနေခဲ့သည်။

    "ကျွန်တော်က မာမီနဲ့ အတူနေစရာ ဘာအကြောင်းရှိသေးလို့လဲ"

    ဒေါခင်မျိုးမြတ်၏ အကြည့်တို့ စူးရဲသွားသည်။

    "ဘာပြောလိုက်တယ် မဟော်၊ ငါက မင်းအမေပါ၊ မင်းကို ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့အမေ၊ အနည်းဆုံးတော့ မင်းအတွက် လောကမှာ နှစ်ယောက်မရှိနိုင်တဲ့ သွေးသားပဲ မဟုတ်လား"

    "နှစ်ယောက်သာရှိခဲ့ရင်လည်း နာရလွန်းလို့ ကျွန်တော်ရူးသွားနိုင်တယ်၊ ရှိတဲ့တစ်ယောက်နဲ့တင် တော်တော့်ကို လုံလောက်နေပါပြီ မာမီရဲ့"

    အံ့မဟော်က မထီတထီပင်။ ပြုံးစစမျက်နှာပေးနှင့် လက်သည်းထိပ်ကို ခွာလိုက်ဖဲ့လိုက် ကစားနေသည်။ ဘယ်သူ့မျက်နှာကိုမှ မကြည့်။

    "မဟော်... မာမီ့ကို သွေးတက်အောင် မလုပ်စမ်းနဲ့၊ မာမီ ခုတလော ကျန်းမာရေးမကောင်းဘူး"

    "ဘာလဲ... ဒါက နောက်တစ်ကွက်လား မာမီ၊ ကျွန်တော်စိတ်မဝင်စားဘူးနော်"

    အံ့မဟော်က လက်သည်းခွာခြင်းအမှုကို ရပ်ကာ ရယ်လိုက်သည်။ ပြီးနောက် ကိုယ်ကို မှီထိုင်နေရာမှ ထလာပြီး...

    "မာမီနဲ့ကျွန်တော် ဟိုးအရင်ကတည်းက ပြောထားပြီးသား၊ စာမေးပွဲအောင်ဖို့ မာမီနဲ့ လိုက်နေပြီး စာလုပ်ရမယ်၊ ဒါဆိုရင် ကျွန်တော်လုပ်ချင်ရာကို လုပ်ခွင့်ရှိမယ်၊ ကျွန်တော်တို့ လျှော့ခဲ့ကြတဲ့ အထစ် တစ်ထစ်က ဒီမှာတင် ဂိတ်ဆုံးသွားပြီ၊ ထပ်လျှော့စရာ မရှိတော့ဘူးလေ"

    ဒေါ်ခင်မျိုးမြတ်က မျက်နှာကို တစ်ချက်တင်းလိုက်ကာ...

    "မာမီ့သားက မာမီနဲ့ အတူမနေလို့ ဘယ်သူနဲ့နေမှာလဲ၊ မဟော့်ဘက်က ဂိတ်ဆုံးတယ်ဆိုတိုင်း မာမီက လက်ခံရမှာလား၊ မဟော့်မှာ လျှောက်ရမယ့် လမ်းတွေ အရှည်ကြီး ရှိသေးတယ်၊ မိဘအရိပ်ဆိုတာ လိုကိုလိုအပ်မှာပဲ၊ မာမီ့ကို တွန်းထုတ်နေရင် မဟော် တစ်ချိန်မဟုတ်တစ်ချိန် နောင်တရလိမ့်မယ်၊ လောကမှာ ကိုယ့်မိဘအရင်းတွေထက် ဘယ်သူစိမ်းမှ ပိုမကောင်းနိုင်ဘူးဆိုတာ မဟော်သိလား"

ရင်ကွဲငှက်ငယ်Where stories live. Discover now