လင်းသန့်မောင် စာအုပ်တစ်အုပ်နှင့် ခြံထဲတွင် ရှိနေခိုက် ညီမဖြစ်သူ ချစ်ခူးခူးချိုတစ်ယောက် အနားသို့ မယောင်မလည် ရောက်လာသည်။
"ကိုကို"
"ဟင်"
"ဟိုကောင်လေးအခြေအနေ... ဘယ်နှယ့်ရှိလဲ"
ဘယ်ကောင်လေးကို ရည်ညွှန်းမှန်း မသိတာကြောင့် ဖတ်နေသော စာအုပ်ဆီမှ အကြည့်ခွာကာ ညီမဖြစ်သူအား မေးဆတ်ပြလိုက်သည်။
"ဘယ်ကောင်လေးလဲ"
"ဟိုဘက်အိမ်က ဂျစ်ကန်ကန်ကောင်လေ"
"မိခူး... သူက နင့်ထက်ကြီးတယ်၊ ဘာကောင်ညာကောင်နဲ့ မပြောရဘူး"
အစ်ကိုဖြစ်သူရဲ့ ဟောက်သံအဆုံးမှာ ချစ်ခူးခူးချိုသည် နှာခေါင်းရှုံ့ရင်း "အချိုးမှ မပြေတာကို" ဟု တစ်ကိုယ်တည်းကြားရုံမျှ ရေရွတ်လိုက်သည်။
"ဒီနေ့ဆယ်တန်းတွေ အောင်စာရင်း ထွက်တယ်လေ ကိုကိုရဲ့... ဘယ်လိုလဲ အဲ့တစ်ယောက် အောင်လား"
"ဟေ ဟုတ်လား"
"ကိုယ်စာသင်ပေးတဲ့လူ အောင်မအောင်တောင် မသိဘူးလား ကိုကိုရ"
လင်းသန့်မောင်သည် ချစ်ခူးခူးချိုအား ခွန်းတုံ့မပြန်တော့ဘဲ ဖုန်းဆီသို့သာ လက်လှမ်းလိုက်သည်။ အံ့မဟော်၏ ဖုန်းနံပါတ်ကို နှိပ်လိုက်ပြီးကာမှ ညီမဖြစ်သူရှေ့တွင် ဖုန်းမပြောလိုတာကြောင့် နှင်ထုတ်မိ၏။
"ခူးခူး... အထဲဝင်လေ၊ သွား သွား အပြင်မှာ အေးစိမ့်စိမ့်နဲ့ရယ်၊ တော်ကြာ အအေးမိပြီး ရင်ကြပ်နေဦးမယ်"
"ကိုကိုကလည်း ခဏတဖြုတ် လမ်းလေး ဆင်းလျှောက်တာကို"
ခူးခူးက သူ့အပါးမှ မခွာလိုဟန် အထွန့်တက်သည်။ သူမ မျက်လုံးများသည် အံ့မဟော် စာမေးပွဲအောင်မအောင်ကို အလွန်တရာ သိချင်နေဟန် တောက်ပနေ၏။
"နင်နေမကောင်းရင် လူကြီးတွေ စိတ်ညစ်ရလိမ့့်မယ်၊ စကားနားထောင်၊ မြေကြီးပေါ်မှ မဟုတ်ဘူး၊ အိမ်ပေါ်မှာလည်း ကြိုက်သလောက် လမ်းလျှောက်လို့ ရတယ်"