"တင်းတောင်....တင်းတောင်"နှစ်ချက်ဆက်၍ထွက်လာသော လူခေါ်ခေါင်းလောင်းသံကြောင့် ပျံ့လွင့်နေသောစိတ်ကူးများ.... ပစ္စုပ္ပန်ကိုပြန်လည်ရောက်ရှိလာသည်။ ရုတ်တရက်မို့ လက်ထဲကပြုတ်ကျသွားသော ခေါက်ဆွဲခြောက်ထုတ်ကို ပြန်ကောက်ရင်း နာရီကိုကြည့်လိုက်တော့ ည၈နာရီခွဲကိုညွန်ပြသည်။
ဘယ်သူပါလိမ့်.....သူများလား။
သူနဲ့ကည၉နာရီမှချိန်းထားတာပါ။
အချိန်ကလိုနေသေးသည်။ ဒါမှမဟုတ် အောက်ထပ်ကအိမ်ရှင်အဒေါ်ကြီးက ရေတွေလျော့သုံးဖို့ လာပြောတာဖြစ်မည်။ မဟုတ်လဲ နေ့လည်က မဒီရဲ့သီချင်းတွေ အကျယ်ကြီးဖွင့်မိလို့ နောက်မလုပ်ရန် ဟိတ်ဟန်ဒေါသောနဲ့လာပြောဆိုသည် ဖြစ်မှာပေါ့။ ဒါဆန်းကြယ်သည့် ဖြစ်ရပ်တော့မဟုတ်။"တင်းတောင်''
"လာပြီဗျ''စဉ်းစားပြီးအဖြေရှာနေတာ ကြာသွားလို့ထင်။
ခေါင်းလောင်းသံ နောက်တစ်ချက်ကို ထပ်မံကြားလိုက်ရသည်။ ဖွင့်ထားပြီးသော gas မီးဖိုကို ထောက်ခနဲပြန်ပိတ်ရင်း... ရှေ့ကိုခပ်သွက်သွက်ထွက်လာခဲ့လိုက်သည်။
တံခါးဂျက်ကနည်းနည်းကြပ်ချင်တော့ ခပ်ဂျစ်ဂျစ်သုံးချက်လောက် လက်ဖနောင့်နှင့် ဆောင့်တွန်းလိုက်မှပွင့်သွားသည်။ဝရံတာဘက်မှ လေးအေးအေးနှင့် မိုးစက်တစ်ချို့က မျက်နှာကို တစ်ပြိုင်နက်လာရိုက်ခတ်သည်။
အပြင်မှာ လက်တွေ့ကြုံလာရတော့ ကျွန်တော့်အတွက် အရမ်းခက်ခဲသည်။ လျှပ်ပန်းတစ်ခု ဖြတ်ခနဲလက်တော့ သူ့မျက်နှာကို တစ်ချက်လှမ်းမြင်လိုက်ရ၏။
ရုပ်ထဲမှ နာမ်ကထွက်ချင်ချင်.... စိတ်ကကိုယ်နဲ့ မကပ်ချင်ချင် ခံစားချက်မျိုးနဲ့ အာခေါင်တွေခြောက်ကပ်လာသည်။
"ညီ...ဒါအခန်းနံပါတ် 4B ဟုတ်တယ်မလား''
ရေစိုဆံပင်များကို လက်ဖြင့် ဆွဲဖွလိုက်ပြီးမေးလာသော.... ခပ်ရှရှအသံကြောင့် ကျွန်တော်သူ့ဆီအကြည့်များ မှင်တက်ငေးမောနေရာမှ အဖြေပြန်ပေးမိ၏။
"ဟုတ်ပါတယ်ဗျ''
"သြော်...အကို့ကိုခေါ်ထားတဲ့သူရှိလို့ပါ...
ကို ထူးဝီရဘို ဆိုတာ...''
![](https://img.wattpad.com/cover/243724771-288-k198832.jpg)