ဗလာသက်သက် ငါ့ဘဝထဲ
ရောင်စုံခဲတံအပိုင်းအစတွေ ပစ်ကြဲပေးတယ်။
သူ့ဘက်က လမ်းကြုံလို့ဆိုပေမဲ့
ငါ့ဘက်ကတော့ ကမ်းကုန်အောင် ငြိတွယ်မိခဲ့တယ်။
ကမ္ဘာကြီး လုံးတဲ့ အကြောင်းတွေ ပြိုင်မငြင်းချင်တော့ဘူး။
ငါ့အနီး သူပြုံးမယ့် အကြောင်းတွေကိုပဲ ထိုင်စဉ်းစားချင်တော့တယ်။
ဘုရားသခင်က ငါ့ကို ပစ်စလက်ခတ် ဖန်တီးခဲ့တယ်ဆိုရင်တောင် နစ်နာကြေးအဖြစ် သူ့ကိုသာ စွန့်ကြဲမယ်ဆိုရင်လေ ကျေးဇူးတောင် ပြန်တင်ကောင်းနိုင်ပါရဲ့။
မျှော်ရတာ မောတယ်။
တော်ရတာ စောတယ်။
မစို့မပို့ပဲ ပိုင်ခဲ့ဖူးတဲ့ ငါ့အတွက် မေတ္တာတရားကို သူဟာ တောင်လိုယာလို ပုံချပေးတယ်။
နွားခြေရာခွက်ဆိုပေမဲ့ တချို့ဖားကလေးတွေအတွက်တော့ သမုဒ္ဒရာလို့ ထင်ပစ်ဖို့ တကယ်ပဲလုံလောက်ခဲ့ပါတယ်။
~~~~~~~
"မင်းနဲ့ကျူးနဲ့ ဘာဖြစ်ထားကြတာလဲ"
"ဘာမှမဖြစ်ပါဘူး... မင်းက ဘာလို့မေးတာလဲ"
"ကျူးနဲ့ငါ ဟိုတစ်နေ့က တွေ့ဖြစ်တယ်၊ မင်းက သူ့ကို ရှောင်နေတယ်တဲ့"
"ငါက ကျူးကို ဘာလို့ရှောင်ရမှာလဲ၊ ငါ... ဒီရက်ပိုင်း သိပ်မအားလို့ မတွေ့ဖြစ်ရုံပါ"
လင်းသန့်မောင်က နှာခေါင်းကို လက်ညှိုးဖြင့် တစ်ချက်ပွတ်လိုက်သည်။ သူ့စိတ်ထဲတွင် အတန်ငယ်တော့ လှုပ်ရှားနေသည်။ ရုတ်တရက် ဟန်သာရောက်ချလာကတည်းက အကြောင်းတစ်ခုခုရှိမည်ဆိုတာ ထင်ပြီးသား။ ထိုအကြောင်းဟာ ကျူးနဲ့ပတ်သက်မယ်ဆိုတာလည်း သူ ခန့်မှန်းမိပြီးသားပင်။
"အေး အဆင်ပြေရင်လည်း ပြီးတာပါပဲ... ကျူးက မိန်းကလေးဆိုတော့ အတွေးများနေတယ်ကွာ၊ မင်းဂရုစိုက်လိုက်ဦး"
"အင်းပါ... ငါဂရုစိုက်လိုက်ပါ့မယ်"
ကိုယ့်ချစ်သူကိုယ် ဂရုစိုက်လိုက်ပါ့မယ်ဟု တခြားသူတစ်ယောက်အား ပြောရသည်မှာ နည်းနည်းတော့ ပုံစံမကျပေ။ သို့သော်လည်း သူ့ဘက်က မှားနေသည်မို့ အလိုက်အထိုက် ဆက်ဆံနေရ၏။