အပိုင်း၄၅

3K 407 31
                                    

   လင်းသန့်မောင်သည် ကျူးရင့်သာတစ်ယောက် အိမ်မှာ ရှိနိုင်လောက်မည့် အချိန်ကို မှန်းဆကာ ဘေးအိမ်သို့ ရောက်လာခဲ့သည်။ အံ့မဟော် ထွက်သွားကတည်းက ဤခြံတွင်းသို့ ခြေမချဖြစ်ခဲ့တာ ရက်အတော်ကြာချေပြီ။ 

    မရောက်ဖြစ်တာ ရက်အနည်းငယ်မျှ ရှိသွားလို့လားမသိ။ မိုးရာသီမြင်ကွင်းသည် မြက်ခင်းပြင်ကြောင့် စိမ်းစိုနေကာ ဤအိမ်ကြီးအား အတန်ငယ်တောင် ပြောင်းလဲသွားစေသလို။ 

    ယနေ့တွင်တော့ ကျူးနှင့် ရင်ဆိုင်လိုက်ဖို့ သူ ဆုံးဖြတ်ချက်ချခဲ့သည်။ အံ့မဟော် ပြောခဲ့သလို သူဟာ တစ်စုံတစ်ရာကို ရွေးချယ်ခဲ့ပြီးသွားပြီ။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဆက်လျှောက်ရတော့မည်။ ထို့ကြောင့် လုပ်သင့်သည်ဟု ခံယူလိုက်သော အရာကို ပြတ်ပြတ်သားသား လုပ်မှဖြစ်တော့မည်။ 

    ထိုဆုံးဖြတ်ချက်အား ချရသည်မှာ မလွယ်ကူလှ။ ဆယ်နှစ်ကျော် မြဲမြံစွာ တွဲလာခဲ့သည့် လက်ကို သူဟာ သစ္စာမဲ့စွာ ဖြုတ်ချပစ်တော့မည်။ သံယောဇဉ်ကြိုးတွေအား နှစ်ဦးသဘောတူ ရစ်ပတ်နှောင်ငင်ပြီးမှ တစ်ဦးတည်း၏ သဘောဖြင့် ဖြတ်တောက်ပစ်ရတော့မည်။

    ရက်စက်သည်ဆိုဦးတော့ သူ မယုတ်မာချင်ပါ။ နှမသားချင်းမစာနာ ကျူးအား မျက်စိပိတ်နားပိတ်နှင့် လိမ်လည်မလှည့်ဖြားလို။ 

    သူ၏ မိုက်မဲခြင်းရလဒ်သည် တစိမ့်စိမ့်တွေးလေ စက်ဆုပ်ချင်စရာ ကောင်းလွန်းလေပင်။ သို့သော် ထိုတရား၌ပင် သူဟာ ပျော်မွေ့နေလေသည်။ ထိုတရားကိုပင် သူဟာ မြတ်နိုးမိနေလေသည်။

    အရှက်မဲ့သည်၊ ယုတ်မာသည်၊ ရိုင်းစိုင်းသည်။ ထို့ထက်မက ရင့်သီးသော စကားလုံးများနှင့် ကျူးဘက်က ပြောလာပါစေ။ စကားနှင့် ဒဏ်ခတ်ရုံမက ကိုယ်ထိလက်ရောက် တုန့်ပြန်လျှင်တောင် ခေါင်းငုံ့ခံလိုက်ဖို့ သူ အသင့်ပြင်ထားပြီးလေပြီ။

    "မောင်လင်းသန့်..."

    မမျှော်လင့်ဘဲ တွေ့လိုက်ရတာက ဒေါ်ခင်မျိုးမြတ်။ 

    "အန်တီ မင်းနဲ့တွေ့ချင်နေတာ၊ အိမ်ကို ရောက်လာတာ အတော်ပဲ၊ သမီးကျူးဆီကို လာတာလား"

ရင်ကွဲငှက်ငယ်Where stories live. Discover now