အပိုင်း၄၆

3K 417 42
                                    

   "ခင် ပြန်လာပြီလား"

    "ဟုတ်ကဲ့ ကိုခန့်"

    ဒေါ်ခင်မျိုးမြတ်သည် ပိုက်ဆံအိတ်ကို ခုံပေါ်၌ တင်လိုက်ပြီး ရေအေးအေးတစ်ခွက်ကို အရင်သွားသောက်သည်။ 

    ဦးခန့်သာသည် ရုံးပိတ်ရက်ဖြစ်တာကြောင့် အိမ်၌ ရှိနေသည်။ သူမကတော့ ပွဲတစ်ခုရှိတာကြောင့် တစ်မနက်လုံး အိမ်မှာမရှိ။ ယခု နေ့လည်နှစ်နာရီထိုးတော့မှ အပြင်မှ ပြန်ရောက်လာခြင်းပင်။ တစ်မနက်လုံး လူတွေကြားထဲမှာ နေခဲ့ရတာမို့ လူက ညည်းစီစီဖြစ်နေသည်။ ရေသောက်လိုက်တော့မှ အနည်းငယ် လန်ဆန်းသွားသလို ခံစားရတော့၏။

    "အခုတက်ခဲ့တဲ့ ပွဲက ဘာပွဲလဲ ခင်ရဲ့... ညက ခင်ပြောပေမဲ့ အမှတ်တမဲ့ ဖြစ်သွားလို့"

    "LGBTQ နဲ့ဆိုင်တဲ့ပွဲတစ်ခုပါ ကိုခန့်ရယ်၊ ပွဲစီစဉ်သူက ကျွန်မသူငယ်ချင်းလေ၊ သူ့ရဲ့သားလေးက ဒီဇိုင်နာဖြစ်နေတာ၊ သူ့သားနဲ့အတူ LGBT တွေအတွက် အကျိုးရှိမယ့် အခုပွဲကို လုပ်ရင်း ကျွန်မကိုပါ ဖိတ်တာ၊ ကျွန်မတောင် စကားနည်းနည်း ပြောခဲ့သေးတယ်"

    "ခင်က တယ်ဟုတ်ပါ့လား၊ ဒီလို campaign တွေမှာလည်း အားတက်သရော ပါဝင်တယ်ဆိုတော့"

    "သိပ်လည်းအထင်မကြီးပါနဲ့ ကိုခန့်ရယ်... ကျွန်မ အင်္ဂလန်မှာတုန်းက ရင်းနှီးခဲ့တဲ့ သူတစ်ယောက်က gay လေ၊ သူ့ရဲ့အတွေ့အကြုံတွေ အခက်အခဲတွေ ခံယူချက်တွေကို ကျွန်မတို့ကို ကြုံရင်ကြုံသလို ပြောပြနေကျ၊ အဲဒီကနေ အဲဒီလူတန်းစားအကြောင်းကို တော်တော်သိခဲ့ရတယ်၊ ဟိုမှာနဲ့ ကိုယ့်နိုင်ငံမှာနဲ့တော့ ကွာတာပေါ့"

    "ဘာပဲပြောပြော ခင်က သူတပါးအကျိုးကို အခုလိုမျိုး လိုလားတာတွေ့ရတော့ ကိုယ်တော့ဝမ်းသာတယ်"

    "ကိုခန့်စကားကြီးကလည်း... ကျွန်မက ကျွန်မရဲ့အကျိုးကို မထိခိုက်သရွေ့ ဘယ်သူ့အကျိုးကို အလကားသက်သက် ယုတ်စေဖူးလို့လဲ"

    "ဟုတ်ပါပြီ... ဟုတ်ပါပြီ၊ ကိုယ်စကားမှားသွားတယ်"

    တီ.. တီ.. ။

    ထိုစဉ် ခြံရှေ့မှ ကားဟွန်းတီးသံကြောင့် ဒေါ်ခင်မျိုးမြတ်သည် ဦးခန့်သာအား ခွန်းတုံ့မပြန်တော့ဘဲ အိမ်ရှေ့သို့ မျှော်ကြည့်လိုက်သည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now