1

6.7K 459 39
                                    

Mind the Gap

Written by 선상 (on the dream boat)
Translated by ဂျူးဖက်

*****

[Unicode]

ရှောင်းကျန့် စောင့်နေခဲ့သည်။ ညနေဆည်းဆာချိန် ကျော်လွန်ပြီး လခြမ်းကွေးကလေး ကိုယ်ထင်ပြလာသည့်အချိန်အထိ ထိုင်စောင့်နေခဲ့သည်။ မျက်နှာချင်းဆိုင် ထိုင်ပြီး စကားတွေပြောနေကျဖြစ်တဲ့ ထိုင်ခုံနှစ်ခုံသာ ချထားတဲ့ ထမင်းစား စားပွဲလေးမှာပေါ့။ စ ပြင်ထားချိန်က အငွေ့တထောင်းထောင်းထပြီး စားချင်စဖွယ် အစားအသောက်တွေလည်း အေးစက်ကုန်ပြီဖြစ်သည်။ ထိုင်နေရင်း ရှောင်းကျန့်သည် သူ ဘယ်သူ့ကို စောင့်နေသလဲ၊ မှားနေတဲ့အချက်က ဘာလဲ၊ ဘယ်ကနေ စမှားခဲ့တာလဲဆိုတာကိုသာ တွေးနေခဲ့သည်။ ခံစားချက်တွေ ပြည့်ပြီး ရင်ဝအထိ ဆို့တက်လာမှသာ အတွေးတွေကို ရပ်ချပစ်လိုက်သည်။ ယောက်ယက်ခတ်နေတဲ့ ခံစားချက်မှန်သမျှကို ရှောင်းကျန့် ဖိနှိပ်ကာ မျိုချမိတော့ လည်ပင်းမှ သွေးကြောအချို့တောင် ထောင်သွားရသည်။

၁၁နာရီ ၂၇မိနစ်

ဟင်းချက်ရတာကို ကျင့်သားရနေပြီဖြစ်တဲ့ လက်တွေနဲ့ ဖန်တီးထားတဲ့ ဟင်းတွေကို ကြည့်ရင်း၊ ထိုသူကတော့ ဘယ်ဟင်းကို ကြိုက်တယ်၊ ဘယ်ဟင်းကိုတော့ မစားဘူး စသဖြင့် အဓိပ္ပာယ်မရှိတာတွေ တွေးရင်း နေရာမှထလိုက်သည်။ ထို့နောက် ဟင်းတွေကို သေချာထုပ်ပိုးပြီး ရေခဲသေတ္တာထဲ အစီအရီ ပြန်ထည့်လိုက်သည်။ အရည်တစ်စက်မှ မကျန်တော့ဘဲ ပွကုန်တဲ့ ခေါက်ဆွဲတွေကိုတော့ လွှင့်ပစ်လိုက်ရသည်။ နောက်ဆုံးမှ ကိတ်မုန့်ဘူးလေးကို ကိုင်ရင်း ရေခဲသေတ္တာထဲ ထည့်နေတဲ့ ရှောင်းကျန့်သည် အထဲက ပစ္စည်းတွေကို ကြည့်ပြီး နှုတ်ခမ်းကို ကိုက်ချလိုက်သည်။ မျက်လုံးထောင့်တွေ နီရဲတက်လာပြီး ရုတ်တရက် မျက်ရည် အနည်းငယ် စို့လာသည်။ ရေခဲသေတ္တာတံခါးကို ဆုပ်ကိုင်ပြီး ရှောင်းကျန့် အသံတိတ် ငိုကြွေးမိသည်။

ဘာလို့လဲ?

ဘာလို့ ငါ့အပေါ်ကိုမှ ဒီလို လုပ်ရက်ရတာလဲ?

[completed] Mind the Gap | yizhan Donde viven las historias. Descúbrelo ahora