အပိုင်း၄၇

2.9K 412 61
                                    

   "ဘာပြောတယ် ဟန်သာ"

    ကျူးရင့်သာ ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။ ခေါင်းကို တွင်တွင်ခါလျက်၊ မျက်ဝန်းများကလည်း တုန်ခါနေလျက်။

    "မဟုတ်တာ... မဖြစ်နိုင်ဘူး၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

    သူမခေါင်းထဲတွင် စီခနဲ ထိုးတက်လာကာ ပတ်ဝန်းကျင်ကို သတိမထားနိုင်တော့။ ငြိမ်သက်သော ကော်ဖီဆိုင်လေးရှိ လူတချို့သည် ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည့် သူမအား ကြည့်လာကြသည်။

    မောင်က... မောင်က အံ့မဟော်နဲ့... အို မဖြစ်နိုင်တာ... ဟန်သာ အမြင်မှားတာပဲနေမှာ။

    "ကျူး... ငါလည်း နင့်လိုပဲ မယုံနိုင်ခဲ့ဘူး၊ ဒါပေမဲ့ ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာ၊ ဒီအကြောင်းတွေကို နင့်ကို ဖွင့်ပြောဖို့ ငါဘယ်လောက်တောင် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရသလဲ၊ နင်ရော လင်းသန့်ရော နှစ်ယောက်စလုံးက ငါ့သူငယ်ချင်းတွေ၊ လင်းသန့်ကို တည့်တည့်မေးပြီး ဖြေရှင်းဖို့ စဉ်းစားခဲ့ပေမဲ့ ငါက ကြားလူပဲမို့ ကာယကံရှင်ဖြစ်တဲ့ နင့်ကိုပဲ ဖွင့်ပြောပြဖို့ ဆုံးဖြတ်ခဲ့တာ"

    "ငါမယုံဘူး ဟန်သာ၊ ငါဘယ်လိုမှ မယုံနိုင်ဘူး၊ မောင်က အဲ့လိုလူစားမျိုး မဟုတ်ဘူး... နောက်ပြီး.. နောက်ပြီးတော့ ယောင်္ကျားချင်း... ဟင့်အင်း ဘယ်လိုမှ မဖြစ်နိုင်တာကြီး"

    ကျူးရင့်သာသည် အခုချိန်ထိ ခေါင်းကို ခါနေဆဲ။ သူမ၏ သွေးခုန်နှုန်းတို့ အဆမတန် မြန်ဆန်လာသည်။ နှုတ်ခမ်းနှစ်လွှာသည်လည်း ဆောက်တည်ရာမရ တုန်ယင်လျက်။

    "ကျူး... ခေါင်းအေးအေးထားပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစား၊ ငါ့စကားကို မယုံရင် လင်းသန့်ကို မျက်နှာချင်းဆိုင်ပြီး တည့်တည့်မေးလိုက်၊ စိတ်လျှော့... နော်..."

    ကျူးရင့်သာအား ဟန်သာသည် ထိုင်ခုံတွင် ပြန်ထိုင်စေလျက် စိတ်ငြိမ်အောင် သတိပေးမိသည်။ ဆိုင်ထဲရှိ လူများသည် သူတို့နှစ်ယောက်ဝိုင်းသို့ စူးစမ်းသလို ကြည့်ကာ တီးတိုးပြောနေကြလေပြီ။ ယခုဆို ကျူးက သူ့ကိုယ်သူ လူအများသိသည့် မင်းသမီးတစ်ဦးဆိုတာ မေ့နေသည်ထင်ပါ၏။

ရင်ကွဲငှက်ငယ်Where stories live. Discover now