အပိုင်း၄၈

3.1K 381 50
                                    

   လေသဲ့သဲ့ထန်လျက်ရှိသည်။ အိမ်အတွင်း၌ ရှိနေသောကြောင့် မိုးစက်မိုးပေါက်တို့၏ တဝေါဝေါ အော်မြည်သံကို ကျယ်လောင်စွာ မကြားရသော်ငြား အတန်အသင့်တော့ သူ့နားထဲတွင် ရိုက်ခတ်နေပါ၏။ အိမ်ပတ်လည်ရှိ စိမ်းစိုစို အပင်အားလုံးသည် မုတ်သုန်လေ၏ ဆော်သွေးမှုကြောင့် သည်းထန်စွာ ငိုကြွေးနေသော မိုးဒေဝါနှင့်အတူ အယုတ်အလတ်အမြတ်မရွေး ယိမ်းခါတွန်းထိုးနေလေသည်။ 

    ဝေါခနဲ ညာသံပေးကာ တိုက်ခတ်လာသော တောင်အရပ်မှ လေထန်သည် ကြပ်သိပ်နေသော မိုးစက်မိုးပေါက်များအား မျဉ်းစောင်းများသဖွယ် လိုရာကို ပုံသွင်းယူ၏။ ထိုအခါ ဖွင့်လျက်ဖြစ်နေသော ပြတင်းတံခါးသည် ခြောက်သွေ့နေသည့် သူ့အခန်းကြမ်းပြင်အား စိုစွတ်သွားစေနိုင်သော အားနည်းချက် ဖြစ်လို့သွားသည်။ သူကြည့်နေဆဲမှာပင် မိုးစက်မှုန်များက ပြင်တင်းပေါက်ကို ဖြတ်၍ သူ့ထက်ငါ အလုအယက် တိုးဝင်လာကြသည်။

    အံ့မဟော် ထိုင်ရာမှ ထ၍ ပြတင်းပေါက်တံခါးကို ပိတ်လိုက်သည်။ အနှီဧည့်သည်များအား သူ လက်မခံလို။ 

    ထိုအခိုက် အုံ့မှိုင်းနေသော ပတ်ဝန်းကျင် အခြေအနေတွင် လျှပ်တစ်ခုက ဝင်းခနဲ တောက်ပသွားသည်။ များမကြာမီ နေရာ၌ ပြန်ထိုင်စဉ်မှာပင် ထိုလျှပ်စီး၏ နောက်ဆက်တွဲ ထစ်ချုန်းသံက ညံစာလို့သွားလေ၏။ သည့်နောက်တွင် မရေမတွက်နိုင်သော ပြိုးပြိုးပျက်ပျက် လျှပ်ရောင်များနှင့် ဒုန်းဒုန်းဒိုင်းဒိုင်း မိုးခြိမ်းသံများ။ သဘာဝတရား၏ တေးဂီတက သူ့နားထဲတွင် သံစဉ်မညီစွာ ဆူညံလို့နေချေသည်။

    မိုးနတ်မင်းသည် စိတ်ရှိလက်ရှိ ထင်တိုင်းကြဲနေသလားဟု မှတ်ရအောင် မိုးက သည်းလွန်းလှသည်။ လွန်ခဲ့သည့် နှစ်ရက်လုံး မှိုင်းညှို့အောင့်အီးထားရသည်နှင့်တန်အောင် တဂျုန်းဂျုန်း ခြိမ်းသံပေး၍ ဖြိုင်ဖြိုင်ရွာသွန်းလျက်ရှိသည်။ 

    အံ့မဟော်သည် ယခုနှစ်ဝဿန်ကာလ၏ ပထမဆုံးအနေဖြင့် သည်းလျက်ရှိသော အနှီမိုးအား အချိန်တစ်ခုအထိ ငြိမ်သက်ခံစားပြီးနောက် ထိုင်နေရာမှ ထလိုက်သည်။ သူ့၌ လုပ်စရာ အလုပ်တစ်ခု ရှိနေသေးပါ၏။ 

ရင်ကွဲငှက်ငယ်Where stories live. Discover now