"ခင်ရေ... ခင်"
သူမနာမည်ကို တကြော်ကြော်ခေါ်ရင်း အပေါ်မှ ခပ်သုတ်သုတ် ဆင်းလာသော ကိုခန့်။
ဒေါ်ခင်မျိုးမြတ် လုပ်လက်စ သိုးမွှေးထိုးခြင်းအမှုကို ရပ်လိုက်မိသည်။ ဘယ်လိုဖြစ်လို့ ကိုခန့်က အလောတကြီး ဖြစ်နေရတာပါလိမ့်။
"ကျွန်မ ဒီမှာပါ ကိုခန့်... ဘာဖြစ်လို့လဲ"
သူမ ထိုင်နေရာမှ အသံလှမ်းပြုလိုက်သည်။ကိုခန့်ကလည်း မပြေးရုံတမယ် သူမအနားသို့ ရောက်လာ၏။
"ဒါတွေကို ကြည့်စမ်းပါဦး ခင်... ကြည့်ပါဦး"
ကိုခန့်က သူ့လက်ထဲမှာ ကိုင်လာသော အရာများအား သူမကို ပြသည်။
အနည်းငယ် တုန်ယင်နေသော အသံကြောင့် ကိုခန့်ပြသော ပစ္စည်းများအား မကြည့်မိခင် ကိုခန့်မျက်နှာကို သူမ အရင်ကြည့်မိသည်။ ကိုခန့်မျက်နှာသည်လည်း အသံကဲ့သို့ပင် အပျက်ပျက်အယွင်းယွင်း ဖြစ်နေပါ၏။ ပြီးမှ ကိုခန့်လက်ထဲမှ ဓာတ်ပုံများဆီသို့ သူမ ကြည့်မိတော့သည်။
"အို...."
အာမေဋိတ်သံတစ်ခု သူမ နှုတ်ခမ်းဝမှ လွှတ်ခနဲ ထွက်သွားသည်။ ကိုခန့်လက်ထဲမှ ဓာတ်ပုံများကို သူမ အလိုအလျောက် ဆွဲယူမိသွားသည်။ မျက်ဝန်းအိမ်ကို ကျယ်ကျယ်ထား၍ တစ်ပုံပြီးတစ်ပုံ အပြန်ပြန်လှန်လှန် ကြည့်မိသည်။
ဘုရားရေ...
မဟော်နဲ့ လင်းသန့်မောင်...။
သူမ မျက်ပြူးဆန်ပြာနှင့် လက်ထဲမှ ပုံတွေကို အထပ်ထပ်အခါခါ ကြည့်လိုက်ပြန်သည်။
ဒါဘာတွေလဲ....
မဟော်နဲ့ လင်းသန့်မောင်ဆိုတဲ့ ကောင်လေးက ဘာတွေလဲ။
"ဒါ... ဒါတွေ ဘယ်ကရသလဲ ကိုခန့်"
"သမီးအခန်းထဲက ခင်"
"ဒါဆို သ.. သမီးကျူးက သိနေတာပေါ့"
ကိုခန့်ရော သူမရော နှစ်ဦးစလုံး မျက်စိမျက်နှာပျက်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။