Unicode

607 61 22
                                    

ရေညှိအနည်းငယ်တက်နေလို့ ချော်နေသည့် ကျောက်တုံးလှေကားထစ်တွေကို သတိထားကျော်ဖြတ်ခဲ့ပြီး မီးပြတိုက်ထိပ်ကို ရောက်တော့ သူဟောဟဲလိုက်နေပြီ။ နဂိုတည်းက သိပ်အမောခံနိုင်တဲ့သူ မဟုတ်သည့်အတွက် ခပ်မြင့်မြင့်မညီညာလှေကားထစ်တွေအဆုံးမှာ ခွေယိုင်တော့မည့် ဒူးပေါ်လက်ထောက်ရင်း အသက်ကိုလုရှူနေရသည်။

ဒါပေမယ့် မီးပြတိုက်အစွန်းကနေ ပင်လယ်ကိုလှမ်းမျှော်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ရှုခင်းက သူ့အမောတွေကိုပြေပျောက်သွားစေသည်။ မိုးရွာပြီးကာစ ပြာလဲ့နေသည့် ကောင်းကင်နှင့် ပင်လယ်ပြင်အကြားမှာ ခုနစ်ရောင်ခြယ်သည့် သက်တံ့ကြီးက ထင်ထင်ရှားရှားလှလှပပ။ မြို့ပြမှာ ဘယ်လိုမှမရနိုင်သည့် မြင်ကွင်းကို သူ့ကင်မရာလေးထဲ အလောတကြီးမှတ်တမ်းတင်မိသည်။

"သက်တံ့မြင်ရတာ အဲ့‌ဒီလောက်ပျော်စရာကောင်းလား"

အသံထွက်ရယ်မိ‌သည့် သူ့ရယ်သံတွေတုံ့သွားသည်။
အသံလာရာ လှည့်ကြည့်လိုက်တော့ အရပ်ခပ်ရှည်ရှည်၊ ကတုံးဆံတောက်လိုတိုကပ်နေသည့် ဆံပင်တိုတိုထောင်ထောင်နှင့် ကောင်လေးတစ်ယောက်က မီးပြတိုက်ရဲ့ မီးလုံးကြီးရှိသည့် ခုံအစွန်းကိုမှီရင်းထိုင်နေသည်။ မီးလုံးက ကွယ်နေတာမို့ အစက သူသတိမထားမိတာဖြစ်မည်။ မြင်မြင်ခြင်းမှာပဲ သူတို့နှစ်ယောက် အသက်ချင်းမတိမ်းမယိမ်းပေမယ့် သူငယ်ချင်းမဖြစ်နိုင်လောက်ဆိုသည့် အတွေးက အလိုလိုဝင်လာသည်။

သူ့အတွေးကို ထောက်ခံနေသည့် အလား ထိုင်နေသည့် တစ်ယောက်ကလဲ သူ့ကို လျစ်လျူရှုလိုက်ပြီး သူလုပ်လက်စ သစ်သားတုံးတွေနှင့် ဆက်အလုပ်ရှုပ်နေသည်။ သူလဲ ခုနက ရိုက်ထားသည့် ကင်မရာထဲက သက်တံ့ပုံတွေကို ပြန်ကြည့်လိုက်သည်။ ကြားခံနယ်ကတဆင့်မြင်ရတဲ့ သက်တံ့တွေက အပြင်သဘာဝမြင်ကွင်းလောက်တော့ လှမနေပါ။

"သက်တံ့တွေက လှတယ်"

ဟိုတ‌စ်ယောက်ရဲ့ မေးခွန်းကို ဖြေတာလဲ မဟုတ်ပေမယ့် သူတကယ်ကို သဘောတကျနဲ့ ပြောသံက နှုတ်ခမ်းဖျားက တိုးတိုးလေးထွက်သွားသည်။ သူ့စကားအဆုံးမှာ ဟိုတစ်ယောက်စီက ရယ်သံသဲ့သဲ့ထွက်လာသည်။ လှောင်ရယ်တာလား သဘောကျလို့ ရယ်တာလားဆိုတာတော့ မဝေခွဲတတ်။

သက်တံ့တွေအကြောင်း မင်းပြောတဲ့အခါWhere stories live. Discover now