{၇}U/Z

109K 12.3K 5.1K
                                    

Unicode

"မောင်မယ်သစ်လွင်ကြိုဆိုပွဲ" ဟု စာတန်းဖော်ထားသည့် အခန်းထဲတွင် လူနှစ်ယောက်သာရှိသည်။ ယောက်ျားလေးနှစ်ယောက်။
နွေဦးမောင်နှင့်စောနရီ။ နှစ်ယောက်လုံးက စကားတစ်ခွန်းမဟသောကြောင့် တိတ်ဆိတ်နေသည့် ဝန်းကျင်တွင် ကတ်ကြေးချသံ၊ကတ်ကြေး ကိုက်သံ နှင့်ပစ္စည်းအနည်းငယ်ရွေ့သည့်အသံသာရှိသည်။

"ဂန္ဓမာအဖြူတစ်ပွင့်လောက် လက်ဆင့်ကမ်းပေးပါလား။"

"ဪ ဟုတ်ကဲ့ဟုတ်ကဲ့..."

စောနရီ ပြာပြာသလဲ ယူပေးလိုက်တော့ နွေဦးမောင်က လက်လှမ်းယူရင်း သူ့ကိုပြုံးပြပြန်သည်။ လက်ထိပ်ချင်းမတော်တဆထိသွားတော့ အမြန်ဆုံးပြန်ရုတ်သိမ်းလိုက်သူမှာ စောနရီပင်။ ထိခတ်သွားသည့် လက်ထိပ်လေးကို လည်းအသည်းအသန် ပွတ်နေမိသူမှာလည်း သူပင်။
နွေဦးမောင် သူ့ကို ပြုံးပြနေတာ ၅ခေါက်ရှိနေလေပြီ။ သူကိုယ်သူ လိုက်လျောညီထွေမဖြစ်ဘူးလို့ ခံစားနေရသည်။ပြန်ပြုံးပြဖို့ရန်ပင်ခက်ခက်ခဲခဲရှိလှသည်။ အတွေးများကလည်းယောက်ယက်ခတ်နေကာ လက်ကလည်း တဖြုတ်ဖြုတ်နှင့် ဂန္ဓမာပန်းရှိ အောက်ခြေအရွက်များကို ဖြုတ်နေမိလေသည်။

"အပွင့်တွေပါခြွေတော့မို့လားဟင်။"

နွေဦးမောင်က ထပ်ဆိုတော့ သူ လက်ထဲကပန်းကိုငုံ့ကြည့်လိုက်သည်။အရွက်မရှိတော့ပဲ ထိပ်ရှိအပွင့်အဖြူသာ ငွားငွားစွင့်စွင့်ကျန်နေတော့သည်။သူ ပြာသွားရပြန်သည်။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်။ ဘယ်လိုလုပ်ရမလဲ။"

နွေဦးမောင်သည် မရယ်ဘဲမနေနိုင်တော့ရာ လေသံကလေးဖြင့်ရယ်လိုက်သည်။ပြီးမှ
"ဘာမှမဖြစ်ပါဘူး နရီရဲ့။ခဏနေ ဓမ္မာရုံမှာ ဘုရားပန်းကပ်ဖို့ လာယူတဲ့အခါ ထည့်ပေးလိုက်ရင် သူတို့ အဆင်ပြေအောင် ပန်းအိုးထိုးလိမ့်မယ်။ဘာမှမဖြစ်ဘူး။စိတ်မပူနဲ့။"

ဤသို့နှယ်အစပြုရင်းသူတို့နှစ်ယောက်ကြားတွင်
စကားလုံးတွေ စိတ်လာသည်။
"ကျွန်တော် လာကူမှ ပိုဆိုးနေပြီထင်တယ်။"

"မဟုတ်တာ။ နရီက မောင့်ကို အများကြီးကူညီလိုက်ပါတယ်။"

နွေဦးမောင်သည် ပြောနေရင်းသတိရသွားဟန်ဖြင့် စကားဆက်သည်။
"ဟုတ်သားပဲ။ ကိုယ့်ကိုယ် ကိုယ် မောင်လို့ ပြောနေမိတာ အဆင်ပြေရဲ့လားမသိဘူး။ နည်းနည်းနှုတ်ကျိုးနေလို့။"

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now