အပိုင်း-(၄)

3K 243 52
                                    

အပိုင်း-(၄)

       တန်ဖိုးမဲ့သူတစ်ယောက်က သာမန်လူများနှင့် ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံနေထိုင် ပြုမူသင့်သည်လား။ ကိုယ်တိုင်က နိမ့်ကျသူမို့ ထိုနိမ့်ကျမှု၏ အကျိုးဆက်များသည် တပါးလူတို့ကြားတွင် အရှက်ရဖွယ် ဖြစ်နိုင်သည်လား။ ထည်ဝါမှုရှိနိုင်မည်လား။ စသည်ဖြင့် အတွေးဆိုးများသည် သူ့၏ဦးနှောက်ထဲတွင် သံမှိုစွဲကပ်သည့်နှယ် ရှိနေခဲ့သည်မှာ နှစ်ချီ၍အချိန်အတော်အတန် ကြာမြင့်ခဲ့ပြီပင် ဖြစ်သည်။

      နှင်းဆီပန်း၏ သင်းရနံ့က ၎င်းနှင့်အနီးအနားရှိ ဝန်းကျင်ကိုလွှမ်းခြုံထားသည်။ သစ်သားခုံတန်းများပေါ်မှ နှင်းမှုန်များနှင့် မြင်ကွင်းအပြည့်ရှိရာ၌ ကျဆင်းနေကြသည့် နှင်းဖွဲဖွဲများက ကမ္ဘာလောကကြီးကို ဇာခြုံထည်ဖြင့် လွှမ်းထားသကဲ့သို့ပင်။ သိမ်မွေ့စွာပင် အမြင်အေးနေခဲ့၏။

     တစ်ပါတ်နှင့်(၂)ရက်။ ထယ်ယောင်းနှင့် ခင်မင်လာခဲ့သည်မှာ ထိုမျှကြာခဲ့ပြီ ဖြစ်သည်။ မနက်ခင်းတိုင်း ကျောင်းမတက်ခင်အချိန်၌ မနက်စာအတူ စားကြသည်။ ထို့နောက် ကျောင်းအတူသွားကြသည်။ နှင်းများသည်းသည့် ထိုလမ်းမအတိုင်း။ ထင်းရှူးနံ့သင်းသည့် ထိုလမ်းကလေးအတိုင်းပါပင်။

     တခါတရံ၌ မခို့တရို့ဖြင့် လက်ချင်းတွဲဖြစ်မည်။ မျက်ဝန်းချင်း စကားပြောကြမည်။ သည်လူ၏အနီးတဝိုက်တွင် ရှိတတ်သည့် အငွေ့အသက်ကို ဖလှယ်ဖြစ်မည် ထင်သည်။ သို့သော် ထိုညနေမှ အနမ်းတပွင့်အကြောင်းကိုဖြင့် နှစ်ဦးစလုံး စကားမစဖြစ်ခဲ့ကြပေ။ ဤအတိုင်း။ သည်အတိုင်းသာ ရင်ထဲသိမ်းဆည်း ဖြစ်သည်။

     ယနေ့မနက်၌လည်း ကျောင်းမတက်ခင် မနက်စာကို အတူတကွ စားဖြစ်သည်ဖြစ်ရာ ထယ်ယောင်းက သူ့အဖို့ပါမှာယူပေးနေ၏။ မှန်ကာထားသည့် ဖွဲ့စည်းပုံက ဝန်းကျင်၏အလှကို ရှုစားစေချင်သည့်နှယ်။ နံရံတွင်ချိတ်ထားသည့် ကမ္ဘာကျော်ပန်းချီဆရာတို့၏ ပန်းချီကားချပ်များကပင် လေးနက်လွန်းနေခဲ့၏။

"ချောကလက်ကိတ် ကြိုက်တယ်မလား ဂျွန်။"

     ကောင်တာမှလှမ်းခေါ်လာသည့် ထယ်ယောင်း၏အမေးတွင် ဂျောင်ဂုကအနည်းငယ် ပြုံးလျက်ခေါင်းငြိမ့် ပြသည်။ ထို့နောက် ဖွာလက်စဖြစ်သည့် စီးကရက်ကို လက်စသတ်တစ်ကြိမ် ရှူရှိုက်ရင်း အငွေ့ဖြူဖြူများကို စိတ်လွတ်လက်လွတ်စွာ ပင့်ထုတ်ခဲ့၏။ သည်ရက်ပိုင်းတွင် ဂျောင်ဂုအတွေးများ တတ်လာခဲ့သည်။

Value ||Edited Version||Where stories live. Discover now