သူမရှိတဲ့အချိန် အိမ်ထဲမှာပိတ်မိနေရုံမှတစ်ပါး
ကျွန်တော်မတတ်သာ။တစ်ခါတစ်လေ သူဝယ်ပေးထားတဲ့ ပန်းပင်လေးတွေရေလောင်းမည်။
တစ်ခါတစ်လေ သူသိပ်ကြိုက်တဲ့သီချင်းတွေကို
ကျွန်တော်နားထောင်မည်။တစ်ခါတစ်လေ သူ့အဝတ်ဗီဒိုလေးကိုရှင်းပေးမည်။
တစ်ခါတစ်လေ သူစားဖို့အတွက်ဟင်းလျာအသစ်တွေကို
Vlogလေးတွေလိုက်ကြည့်ရင်း ကျွန်တော်လိုက်ချက်ကြည့်မည်။
အရသာကောင်းရင် သူ့အတွက် ညစာပြင်ပေးမည်။
မအောင်မြင်ခဲ့ရင်တော့ ခွေးဖြူလေးကိုကျွေးမည်။တစ်ခါတစ်လေ သူ့ရုံးအင်္ကျီလေးတွေလျှော်မည်။
တစ်ခါတစ်လေ သူဝတ်ရမယ့်အဝတ်အစားမှန်သမျှကို
ခေါက်ရိုးကျိုးပြီး ကော့ပြန့်သွားတဲ့အထိ
ကျွန်တော်မီးပူတိုက်မည်။ဒါပေမယ့် တကယ်ခေါက်ရိုးကျိုးသွားတဲ့အရာက
အဝတ်တွေမဟုတ်ပဲ ကျွန်တော့်စိတ်တွေ။
သူ့အပေါ်ရူးတဲ့စိတ်တွေ။ရုံးဆင်းချိန်ရောက်ခါနီးရင် သူ့အတွက်
သံပုရာရည်လေးတစ်ခွက်ဖျော်မယ်။ပြီးရင် ရေခဲသေတ္တာထဲခဏထည့်ပြီးအေးစေမယ်။
အကြာကြီးထည့်ပစ်လို့အရမ်းအေးသွားရင်လည်း
သူကမကြိုက်ပြန်ဘူး။ဒါကြောင့် သူပြန်လာကာနီးလေးမှပဲထည့်အေးထားလိုက်သည်။
"ဝုဖ်...~!"
ဟောင်သံသေးသေးလေးပြုကာ
သူပြန်လာပြီဆိုတဲ့အကြောင်းပြောနေတဲ့
ခွေးဖြူလေးက ကျွန်တော့်လိုပဲ
ကျွန်တော်တို့နှစ်ယောက်မှာ တူညီတဲ့သခင်ရှိကြတယ်။~ဟျွန်းငယ်နဲ့တူတယ်~
ကျွန်တော်တူလို့ဆိုပြီး သူဝယ်လာခဲ့တဲ့ခွေးဖြူလေးက
ဒီနှစ်ထဲဆို ငါးနှစ်ပြည့်ပြီပေါ့။အမြှီးလေးကို အစွမ်းကုန်လှုပ်ရမ်းလို့
တံခါးပေါက်ရှေ့ခုန်ဆွခုန်ဆွရပ်ကာ
တံခါးဖွင့်ပြီးဝင်လာမယ့် သူ့ကို
စောင့်နေရှာသည်။အပျော်လွန်နေတဲ့ခွေးဖြူလေးကိုကြည့်ပြီး
ကျွန်တော် ငိုင်နေမိသည်။
အရင်ကသူပြန်လာချိန်ဆို ကျွန်တော်လည်း
ဒီကောင်လေးနဲ့သိပ်တူသလား?"Hey~ Zoey~"
အိမ်ထဲဝင်လာသည့်လူကို မတ်တပ်ကလေးရပ်ကာ
ခုန်ဆွခုန်ဆွနှင့်ပင်ဆီးကြိုကာ ခွေးဖြူလေးအရမ်းကိုပျော်နေရှာသည်။ထိုအမျိုးသားကတော့ ခွေးဖြူလေးကိုကောက်ချီပြီး
မနက်ကထွက်သွားတဲ့လူမဟုတ်သကဲ့သို့ပင်
ကျွန်တော့်မျက်နှာမြင်တော့ အလှဆုံးပြုံးပြသည်။ကျွန်တော်အရမ်းချစ်တဲ့ အပြုံးတွေ သူဆီမှာကျန်နေသေးသလား?
သူ့လက်ထဲက အိတ်ကိုယူပြီး အခန်းထဲကိုသွားထားလိုက်သည်။
ပြီးနောက်မကြာသေးခင်ကမှထည့်ထားတဲ့
သံပုရာရည်ခွက်ကိုရေခဲသေတ္တာထဲကထုတ်ပြီး
ထိုင်နေတဲ့သူ့ရှေ့ချပေးသည်။သူကတော့ ခွေးဖြူလေးကိုပေါင်ပေါ်တင်ပြီး ခေါင်းဖြူဖြူလေးတွေကို တယုတယပွတ်သပ်ပေးနေသည်။
"ဟျွန်း~"
အခေါ်ရှိလာသည့်သူ့မျက်နှာကိုတစ်ချက်ကြည့်ရင်း
"ဘာလဲ"
"လမ်းလျှောက်ထွက်မလား?
ဒီနေ့ရာသီဥတုကအရမ်းသာယာနေတာ""ချန်းဘာသာလျှောက်ချင်ရင်လျှောက်ပေါ့"
"ဟျွန်းပါအတူလိုက်ခဲ့လေကွာ
Zoeyလေးကိုလည်းအတူခေါ်မယ်""ငါနေမကောင်းချင်လို့မလိုက်ဘူး"
"ဟင်~ နေမကောင်းဘူးလား?"
မစိုးရိမ်တဲ့အသံနဲ့တူ ဟန်ဆောင်ကောင်းတဲ့လက်တစ်ဖက်ကတော့ ကျွန်တော့်နဖူးပေါ်ကျရောက်လာသည်။
ဒီအချိန်ကကြည်နူးဖို့ကောင်းတဲ့အချိန်လား?
"ကိုယ်နည်းနည်းပူနေတယ်
ကြာဇံလေးပြုတ်သောက်ထားလိုက်
ကိုယ် လမ်းထိပ်ကဆေးဝယ်ခဲ့ပေးမယ်"အရင်ကလိုပဲ. . .ကျွန်တော်ဖျားတဲ့အခါ
နံဘေးကနေ ခွာထုတ်လို့မရတဲ့အထိဂရုစိုက်ပေးတတ်တဲ့အမျိုးသားအခုမရှိတော့ဘူး။ပြီးစလွယ်ကြာဇံပြုတ်စားခိုင်းတဲ့အမျိုးသားက
အရင်တုန်းက သူကိုယ်တိုင် ကြက်သားစွပ်ပြုတ်ပူပူလေးချက်ကျွေးနေကျ။