𝑨𝑼𝑹𝑶𝑹𝑨 𝑹𝑨𝑰𝑵 (unicode)

1.3K 155 6
                                    

သည်းထန်‌နေတဲ့မိုးစက်တွေနဲ့၊ မုန်တိုင်းတိုက်နေသလားထင်ရတဲ့ လေပြင်းတွေကြောင့် ချန်ညောလ် အိပ်ရာထက်ငုတ်တုတ်ထထိုင်လိုက်မိတယ်။ ဖုန်းယူပြီးကြည့်လိုက်တော့ အချိန်ကည(၂)နာရီကျော်။ မနက်ဖြန်တင်ပြရမယ့်ပရောဂျက်ကို အမှားအယွင်းမရှိအောင် သေချာစစ်ဆေး၊ အပြီးသတ်‌နေရလို့ အိပ်ရာ၀င်နောက်ကျခဲ့တဲ့သူ့ကို ဆူညံနေတဲ့မိုးသံလေသံတွေကပါ အိပ်မပျော်အောင် နှောင့်ယှက်နေခဲ့လို့ စိတ်ထဲမှာတော်တော်မကြည်။

အကျင့်ပါနေတဲ့လက်က အိပ်ရာဘေးစားပွဲအံဆွဲထဲကစီးကရက်ဘူးဆီ အလိုလိုရောက်သွားတယ်။ စီးကရက်ကို နှုတ်ခမ်းကြားအသာညှပ်လို့ မီးညှိလိုက်တော့ အဖျားမှာလင်းခနဲတောက်လာတဲ့မီးစလေး။ နောက်တော့ အငွေ့တွေက ချန်ညောလ်ရဲ့အိပ်ခန်းထဲမှာပျံ့လွင့်နေလိုက်တာ မသိရင်မြူနှင်းဝေနေသလိုပဲ။

ညအိပ်မီးအလင်းရောင်တောင်မရှိဘဲ မည်းမှောင်နေတဲ့အခန်းထဲ ကောင်းကင်မှာ တစ်ချက်တစ်ချက်လင်းလာတဲ့လျှပ်ပြက်ခြင်းကသာ တစ်ခုတည်း‌သော အလင်းရောင်။ ခပ်ပြင်းပြင်းအရှိန်နှုန်းနဲ့ သည်းကြီးမည်းကြီးရွာသွန်းနေတဲ့မိုးကသာ တစ်ခုတည်းသော ဆူညံသံ။ လေပြင်းထဲ လှုပ်ခတ်နေတဲ့သစ်ကိုင်းသစ်ခတ်သစ်ရွက်တို့ကသာ တစ်ခုတည်း‌သော လှုပ်ရှားမှု။

ချန်ညောလ်ကသာ သက်ရှိလူသားတစ်ယောက်ဖြစ်ပေမယ့် အမှောင်ထုထဲမှာ စီးကရက်တစ်လိပ်နဲ့ ငြိမ်သက်စွာ မလှုပ်မယှက်ထိုင်‌နေမိတယ်။ ဒီအချိန် သူ့အတွေးတွေကတော့ မရေမရာ။ လေနှင်ရာလွင့်နေသလို၊ အာကာသဟင်းလင်းပြင်ထဲမှာ မျောလွင့်နေသလို၊ ပင်လယ်ပြင်မှာ အလိုက်သင့်လေးမျောနေသလို။

မနက်ဖြန် တင်ပြရမယ့်ပရောဂျက်အကြောင်း၊ မေမေတို့က သူ့ကို အိမ်ထောင်ပြုဖို့တိုက်တွန်းတဲ့အကြောင်း၊ အမြင်ကတ်စရာကောင်းတဲ့အထက်လူကြီးကို ဘယ်လိုပညာပြန်ပြရင်ကောင်းမလဲဆိုတဲ့အကြောင်း၊ ကုမ္ပဏီမှာ အဖွဲ့မှူးဆိုတဲ့ရာထူးနဲ့ အိမ်ပိုင်၊ကားပိုင်ရှိနေပေမယ့်တစ်စုံတစ်ခုလစ်ဟာနေသလို ခံစားရတဲ့အကြောင်း...။ ဘာမှပူပင်စရာမရှိတော့ဘူးလို့ တွေးထင်ထားခဲ့တဲ့သူ့မှာ အခုတော့တွေးစရာတွေတစ်ပုံတစ်ပင်။ သူကိုယ်တိုင်ကိုက တွေးဖို့အချိန်မပေးခဲ့ဘဲ အလုပ်ထဲအာရုံစိုက်ထားမိလို့ဖြစ်လိမ့်မယ်။

AURORA RAIN [oneshot]Where stories live. Discover now