{၂၇}U/Z

78K 9.4K 1.2K
                                    

Unicode

အာရုံကြောတွေရဲ့ လုပ်ဆောင်နိုင်စွမ်းက တစ်ခုကို ဖိနှိပ်ထားချိန်မှာ တစ်ခုက ပိုပြီးတက်ကြွနေတတ်သည်။ဥပမာ မျက်လုံးမှိတ်ထားလျှင် အကြားအာရုံက ပိုပြီးအလုပ်လုပ်သလိုမျိုး။
ယခုလည်း လေတိုးသံကလွဲလျှင် တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်မှာ လူနှစ်ယောက်၏တည်ရှိနေမှုက ဆိတ်ငြိမ်လှသည်။
နှစ်ယောက်ကြား ခုံနေရာအလွတ်တွင် ရိုးတံတို ကံ့ကော်ပန်းတွေဆီကနေ ထုံသင်းသင်းရနံ့ကလည်း အနံ့ခံအာရုံကို ကလူ၏သို့ မြူ၏သို့။

နွေဦးမောင်သည် ဘေးတိုက်မြင်နေရသော ပါးလျလျ မျက်နှာကို ခပ်စိုက်စိုက်ကြည့်နေမိ၏။အားဖျော့နေသည့်မျက်လုံးများက ပင်းပန်းနွမ်းလျမှုကို တင်းခံနေသည့်ဟန်။

"နရီ... "

"ဗျာ"

ပြောစရာရှိနေဟန်တူပေမဲ့ တစ်စုံတစ်ခုကိုအသည်းအသန်တွေးကာ သူ့ကိုအားနာနေပုံရသည့် လူကို သူကပင်စခေါ်လိုက်သည်။

"အမိုးကျန်းမာရေးအခြေအနေ ဘယ်လိုရှိနေပြီလဲ"

ထည့်ပြောရမည့် စကားကိုကြိုသိနေသူအတွက် နရီဟာ ခဏတော့ တွေဝေသွားမိသည်။
"အခုတော့အိမ်မှာပဲ။ အရင်တစ်ပတ်လုံးတော့ ဆေးရုံမှာပဲ။ အခုလည်း ဆေးလာဝယ်တာ။ ကိုဥဿက ကူပြီးဝယ်ပေးမယ်ဆိုလို့။"

"နရီ့ရဲ့ကျန်းမာရေးကကော"

"ကောင်းပါတယ်!"

"ပိန်သွားတယ်လေ"

နွေဦးမောင်က ပါးတစ်ဖက်ကို ထိကြည့်ဖို့ရန်လက်လှမ်းမိပြီးမှ ပြန်ရုတ်သိမ်းလိုက်၏။
စောနရီက သူ့ပါးကို သူပြန်ကိုင်ကာ
"ခါးစူးပြောတာဝလာတယ်တဲ့"

"သူဘယ်တုန်းကပြောတာလဲ"

"အရင်တစ်ပတ်က။"

"ဒါဆို တစ်ပတ်အတွင်းပြန်ပိန်သွားတယ်ဆိုတဲ့သဘောပေါ့။"

စောနရီသည် ပြန်ချေပစရာ စကားမဲ့သွားသည်။
သည် တစ်ပတ်မှာ ပင်ပန်းတာတော့အမှန်ပင်။ ရုတ်တရက်နှလုံးအမောဖောက်သည့် အမိုးကြောင့် သူ့စိတ်တွေဂယောက်ဂယက်ဖြစ်သွားရသည်။ အနီးဆုံးလူဟာ သည်လူပဲကျန်တာမို့ တွေးမကြည့်ရဲသည့်ကိစ္စမျိုးဖြစ်သွားမှာကို သူသိပ်စိုးရိမ်မိသည်။ အတူရှိလာတဲ့နှစ်တွေမှာ ဆေးရုံပြေးတင်လောက်ရသည်အထိ ဖြစ်တာမျိုး ဒါပထမဆုံးပင်။ ထိတ်လန့်မှု၊ဝမ်းနည်းမှုနဲ့ ပင်ပန်းမှုတွေ တပြိုင်နက်ထိုးနှက်လာတာမို့ သူ့ပုံစံက ဖရိုဖရဲ ဖြစ်သွားပုံပေါ်သည်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now